ဤဘလော့တွင် ရေးသားထားသော စာတစ်ပုဒ်ကို ဖြစ်စေ၊ စာတစ်ပိုဒ်ကို ဖြစ်စေ၊ စာတစ်ကြောင်းကို ဖြစ်စေ စီးပွားရေးအရ မဟုတ်ဘဲ မည်သည့်နေရာတွင် မဆို ကူးယူဖော်ပြလိုပါက ပိုင်ရှင်၏ ခွင့်ပြုချက် ရယူရန် မလိုဘဲ မည်သူမဆို ကိုးကားညွှန်းဆို၍ ပြန်လည် ဖော်ပြပေးမယ်ဆိုရင် ကျေးဇူး အများကြီး တင်ပါတယ်ရှင်။

Thursday, October 9

ဘာရယ်မဟုတ်............

ရန်ဆောင်နေတဲ့ စစ်ပွဲတွေ၊ ဆင်းရဲငတ်မွတ်မှုတွေ၊ ကမ္ဘာကြီးပူနွေးလာမှု နဲ့ အမျိုးမျိုး သောရာဇ၀တ်မှုတွေ ပတ်လည်ဝိုင်းနေတဲ့ 21ရာစုရဲ့ အဖွင့်စာမျက်နှာက အစပြုလို့ ယခုချိန်ထိ ကမ္ဘာတစ်ဝှမ်း မငြိမ်မသက်ဖြစ်မှုတွေကို နေ့စဉ်နဲ့အမျှ ရင်ဆိုင်နေရပါတယ်။ တစ်ချို့သော လူများဖျားနာလို့….တစ်ချို့တွေ သေဆုံးလို့……..တစ်ချို့ကွာရှင်းပြတ်စဲကြလို့…..တစ်ချို့တစ်ချို့တွေ ရောဂါဆိုးရဲ့ နှိပ်စက်မှုနဲ့ မနက်ဖြန်သေမလား သဘက်ခါသေမလားဆိုတဲ့ အတွေးနဲ့ သိမ်ငယ်နေရတယ်။ ဆန္ဒတွေ ဆွဲခေါ်ရာနောက် တစ်ကောက်ကောက်လိုက်ပါလို့ တကယ်လို့များ ငါသာ ဒီထက်ဒီပိုချမ်းသာခဲ့ရင်…..တကယ်လို့များ……ငါသာ အတိုင်းထက်အလွန် ကျော်ကြားမှုတစ်ခုကိုပိုင်ဆိုင်ခဲ့ရင်….တကယ်လို့များ ငါသာ လက်ရှိပိုင်ဆိုင်နေတဲ့ အသက်အရွယ်ထက်ပိုငယ်သွားရင် (သို့) ပိုသာကြီးခွင့်ရခဲ့ရင်….တကယ်လို့များ ဘ၀အာမခံချက်ပိုပေးနိုင်တဲ့ အလုပ်ကောင်းတစ်ခုကို ဖက်တွယ်နိုင်ခဲ့ရင်…..တကယ်လို့များ ငါဟာ မတူညီတဲ့ နေရာတစ်ခုမှာ မတူညီတဲ့ ခံစားမှုအသစ်အဆန်းကို တွေ့ကြုံနိုင်ခဲ့ရင်…..ဒီလိုနဲ့ပဲ ဘေးနားမှာ မျက်နှာငယ်လေးနဲ့ ရပ်နေရှာတဲ့ ပျော်ရွှင်မှုတွေကို မြင်အောင်မကြည့်လိုက်နိုင်တော့ဘူး။ တကယ်လို့ အငြင်းပွားနေကြပြီ… တစ်ယောက်ရဲ့ ထင်မြင်ချက်၊ ပြောပြချက်ကို နောက်တစ်ယောက်က ဘယ်လိုမှ လက်မခံနိုင်အောင် ဖြစ်နေပြီ။ နှစ်ယောက်ကြားထဲမှာ ညှိနှိုင်းမရတဲ့ ပြသနာ တွေဖြစ်နေပြီဆိုရင် သွေးပူနေတုန်း ခဏမှာ ဆက်ပြီးတော့ ဖြေရှင်းဖို့ မကြိုးစားပါနဲ့။ ပြသနာ သေးသေးလေးကနေ အကြီးကြီးထိ နောက်ဆုံး တစ်ယောက်ကိုတစ်ယောက် ချစ်နေရက်နဲ့ မုန်းသွားသည်အထိတောင် ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် သွေးပူနေတုန်း ဒေါသတွေ သိပ်ကြီးနေတုန်း မဆုံးဖြတ်လိုက်ပါနဲ့။ အမှားတွေ့နိုင်တယ်။ ကိုယ်တွေ့နော်ကိုယ်တွေ့.........။ တကယ်လို့များ တစ်ဘက်ကလူကသာ ကိုယ့်ကို ခွင့်မလွတ်နိုင်ဘူး။ ကိုယ်ကလဲတောင်းပန်ဖို့ စိတ်ကူးမရှိဘူးဆိုရင် ဆက်ဆံရေးတစ်ခုရဲ့ နေ၀င်ချိန်ကိုရောက်လာပြီလေ။ ဘာပဲဖြစ်ဖြစ် ပြသနာတွေခဏမေ့လိုက်ပြီး တစ်ညလောက်အိပ်ပျော်အောင် အိပ်ကြည့်လိုက်ပါတဲ့။ နောက်နေ့သစ်တစ်ခုမှာ နိုးထလာတဲ့အချိန်ကျတော့ ဒီနေ့ပြသနာက မနေ့ကထင်သလောက် ကိုယ့်အတွက် မခက်ခဲနေတော့ဘူး။ ဘာပဲဖြစ်ဖြစ် အဖြေတစ်ခုတော့ ကိုယ့်မှာရှိသွားပြီလေ။ ဘယ်ရှုထောင့်ကနေ ဘယ်လိုရင်ဆိုင်မယ်။ မှားနေရင် တောင်းပန်မယ်။ မကောင်းနေတဲ့ အကျင့်ဆိုးတစ်ခုကို ပြင်နိုင်အောင်၊ ပြင်ဖို့ကြိုးစားရင်း နောက်နေ့ရက်တွေအတွက် ဆက်လက် ခရီးထွက်ရဦးမှာပဲ။ ကိုယ်ချစ်တဲ့လူတစ်ချို့ကို စာရင်းပြုစုရင်း ဘ၀မှာ သူတို့ဟာ ငါချစ်တဲ့သူတွေပါလား။ ငါနဲ့လူချင်းဝေးနေရင်တောင်မှ ငါရဲ့အနားမှာရှိနေပေးတဲ့ အားပေးဖော်တွေပါလားဆိုတဲ့ အသိလေးရလာနိုင်တယ်။ ဒါက စာရင်းပြုစုမှရလာမယ်ဆိုလို့ စာရင်းထဲမှာချရေးရမယ်လို့ ကျွန်မတော့ တစ်သမတ်မထင်မိဘူး။ တကယ်တော့ နှလုံးသားထက်မှာ ကမ္ဗည်းထိုးထားပြီးသားလေ။ ကိုယ်ချစ်နေတဲ့ ကိုယ့်ပတ်ဝန်းကျင်ကလူတွေ၊ ကိုယ့်ကိုချစ်နေတဲ့လူတွေဆိုတာ နှလုံးသားက ခံစားပြီး ကျောက်ထက်အက္ခရာ တင်ထားပြီးသားပါ။ အခုဆို ကျွန်မဘ၀ရဲ့ အစိတ်အပိုင်းလေးတစ်ခုနဲ့ ဘလော့လေးက ကျွန်မသံယောဇဉ်ရှိနေတဲ့ လူတွေ၊ ကျွန်မကို ချစ်ခင်လို့ပဲဖြစ်ဖြစ်၊ ကျွန်မရေးတဲ့စာတွေကို အားပေးလို့ပဲဖြစ်ဖြစ်၊ ကျွန်မလေးစားတဲ့ စာရေးဆရာတွေကို အားကျလို့ပဲဖြစ်ဖြစ်..ကျွန်မအတွက်ကတော့ ကျွန်မချစ်တဲ့လူတွေနဲ့ အသွားအလာလုပ်ခွင့်ရတဲ့ နေရာလေးတစ်ခုပေါ့။ ကျွန်မရဲ့အတူရှိနေတဲ့ ပျော်ရွှင်မှုတစ်ခုဆိုလဲ မမှားပါဘူး။ အခုဆို ဘလော့ရေးလာတာ တစ်နှစ်ကျော်သွားပြီ။ ဒီအတောအတွင်းမှာ ကျွန်မ ဖြတ်သန်းခဲ့ရတဲ့ ဘလော့စာမျက်နှာတွေရဲ့ နေ့တိုင်းမှာ ပျော်ရွှင်မှုတွေရှိသလို၊ စိတ်ညစ် စိတ်ဆင်းရဲရတဲ့နေ့တွေလဲ အများကြီးပါ။ ဘာပဲဖြစ်ဖြစ် စာလေးတစ်ကြောင်း ကွန်မန့်လေး တစ်ခုနဲ့ တစ်ယောက်နဲ့ တစ်ယောက် မမြင်၊မတွေ့ဘူးသည့်တိုင် စာဖတ်ရင်း ရင်းနှီးလို့ အားပေးမှုတွေလဲ အများကြီးရခဲ့တယ်။ နွေးထွေးမှုတွေနဲ့ ဖေးမပေးခဲ့ကြတယ်။ ဒါတွေကလဲ ကျွန်မအတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ ပျော်ရွှင်မှုတွေပေါ့။ တစ်ခါတစ်ခါ ဘ၀အမောတွေ သိပ်ကိုများပြားလာတဲ့ အခါမှာ အကောင်းမြင်ကြည့်ပါဆိုတဲ့ စကားလုံးကို မုန်းတီးလာတယ်။ ဒါပေမယ့်လဲ အကောင်းမြင်နိုင်အောင်ကြိုးစားမိတဲ့ စိတ်ကမှသာ လူကို လွတ်လပ်ပေါ့ပါးစေတယ်။ ဖြစ်သမျှကို ခံစားနေရင် ကြာလာရင် ခံရပါများတဲ့ ရင်ဘတ်ကြီးလဲ မွန်းကျပ်လာတယ်။ အခြေအနေ၊ အချိန်အခါကို ကြည့်လို့ လောကကြီးနဲ့ လိုက်လျောညီထွေဖြစ်အောင် ကြိုးစားနေနေရတယ်။ အပြောလွယ်ပြီး လေ့ကျင့်ယူရခက်တဲ့ တစ်ချို့ချို့သော စကားလုံးတွေကို လေ့လာသင်ယူရင်း ပျော်သလိုနေ၊ ပျော်အောင်ကြိုးစားရင်း ခေးရော့စ် တစ်ယောက် လူ့ဘ၀ပင်လယ်ထဲမှာ ကူးခတ်နေဆဲ........................

ခေးရော့စ်

6 comments:

  1. တကယ်လို့  များဆိုတဲ့ မျှော်လင့်ချက်လေးနဲ့  ရှင်သန်နေရာက အဲဒီ့  တကယ်လို့ များ က ပျောက်ချင်းမလှပျောက်သွားတဲ့အခါ .....

    ReplyDelete
  2. မမခေးခေး.....
    မမကူးတဲ့ပင်လယ်ထဲမှာ ဝေလေးလည်း လိုက်လံကူးခတ်နေရင်း....
    မမလိုပဲ
    အပြောလွယ်ပြီး လေ့ကျင့်ယူရခက်တဲ့ တစ်ချို့ချို့သော စကားလုံးတွေကို လေ့လာသင်ယူရင်း

    :)
    အဆင်ပြေပါစေမမရေ...

    ReplyDelete
  3. ငါ့ညီမရဲ့ ဘာရယ်မဟုတ်က ဖတ်ပြီးမှဘာရယ်ဟုတ်နေတာပါလား..
    :)
    ညီမရေ အောင်မြင်စွာကူးခတ်နိုင်ပါစေဗျာ..

    ReplyDelete
  4. သက်ငယ်စကား သက်ကြီးကြား..
    ဆိုသလို ကိုယ်တွေ့ နဲ့ ယှဉ်ပြီး အကြံပေးထားတဲ့ ကြေးအိုး.. စကားကိုနားထောင်ပြီး သွေးပူလာရင် တစ်ရေးအိပ်လိုက်ပါမယ်..။

    ReplyDelete
  5. ခေးရော့က ဘယ်ရယ်မဟုတ် ဆိုပေမယ့် တကယ်ကောင်းတဲ့ ပို့စ်လေးတစ်ခုပါပဲ။ တကယ်လို့များ… ဆိုတဲ့ အတွေးတွေနဲ့ လုပ်ချင်တာတွေ၊ ဖြစ်ချင်တာတွေကို မျှော်လင့်နေရတာကိုက လူ့ဘ၀ရဲ့ အနှစ်သာရတစ်ခုပဲလား မသိဘူးနော်။ မဆုရင်ထဲမှာလဲ အဲဒီလို တကယ်လို့များ…တွေ ရှိတယ်။ ခေးရော့ပြောသလိုပဲ ကိုယ်ချစ်ခင် သံယောဇဉ်ရှိရတဲ့ သူတွေကတော့ နှလုံးသားမှာ ကမ္ဗည်းထိုးထားပြီးသားပါပဲ။ ဘယ်တော့မှ ပျောက်ပျက်သွားမှာ မဟုတ်ပါဘူး။ ကိစ္စတစ်ခုကို သွေးပူနေတုန်းမှာ မဆုံးဖြတ်သင့်ဘူးဆိုတာလေးကို သတိပေးထားလို့လဲ ကျေးဇူးနော် 

    ReplyDelete
  6. ခေါင်းစဉ်ကသာဘာရယ်မဟုတ်တဲ့..ရေးထားတဲ့စာတွေကတော့ခံစားချက်အပြည့်နဲ့ရေးထားတာမို့ဘာရယ်ဟုတ်ပါတယ်ညီမလေးရေ..ဟုတ်တယ်ညီမလေးရေးသလိုဘဲကိုယ်ချစ်တဲ့သူတွေရဲ့အ
    မည်တွေကိုချရေးထားစရာမလိုဘဲနှလုံးသားထက်မှာက
    ဗ္မည်းတင်ထားလို့ရတယ်ဆိုတာ..
    ပျော်ရွှင်ပါစေငါ့ညီမရေ..

    ReplyDelete

အခုလို အချိန်ပေးပြီး လာရောက် ဖတ်ရှုတဲ့ လူအားလုံး ကွန်မန့် ပေးသွားတဲ့လူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ အတွေးအမြင်တွေကို လွတ်လပ်စွာ၊ နွေးထွေးစွာ ဖလှယ်နိုင်ပါတယ်ရှင်။