ဤဘလော့တွင် ရေးသားထားသော စာတစ်ပုဒ်ကို ဖြစ်စေ၊ စာတစ်ပိုဒ်ကို ဖြစ်စေ၊ စာတစ်ကြောင်းကို ဖြစ်စေ စီးပွားရေးအရ မဟုတ်ဘဲ မည်သည့်နေရာတွင် မဆို ကူးယူဖော်ပြလိုပါက ပိုင်ရှင်၏ ခွင့်ပြုချက် ရယူရန် မလိုဘဲ မည်သူမဆို ကိုးကားညွှန်းဆို၍ ပြန်လည် ဖော်ပြပေးမယ်ဆိုရင် ကျေးဇူး အများကြီး တင်ပါတယ်ရှင်။

Saturday, September 20

အိပ်စက်ခြင်းဟုဆိုရာဝယ်.........

ညမှာ ကောင်းစွာ အိပ်စက်ရတယ်ဆိုရင်ပဲ မနက်နိုးလာတာနဲ့ နေလို့ထိုင်လို့ ကောင်းနေတယ်။ လိုအပ်တဲ့ အိပ်စက်မှုကိုသာ ရရှိမယ်ဆိုရင် လူက လန်းဆန်းနေတယ်။ နောက်နေ့သစ်တွေကို ရင်ဆိုင်ဖို့ အားအင် ပြည့်ဝနေတယ်။ စိတ်ကလဲ ကြည်လင်နေတယ်။ ဒါဆိုရင် နေ့တစ်နေ့ရဲ့ လုပ်ငန်း ဆောင်တာတွေကို ပြီးမြောက်နိုင်တဲ့ ခွန်အားတွေ ပိုရှိနေသလိုပါပဲ။ ပိုကျန်းမာနေမယ် ………. ပိုပြီးတော့တောင် ကြည့်ကောင်းနေသေး။

အကောင်းဆုံး အိပ်စက်ခြင်းကတော့ တစ်ညလုံး ဆက်တိုက် ဘာအနှောင့်အယှက်မှ မရှိဘဲ အိပ်စက်နိုင်ခြင်းကို ခေါ်ပါတယ်။ တကယ်လို့များ အိပ်ချိန်က ပြတ်တောင်း ပြတ်တောင်းဖြစ်နေမယ်ဆိုရင် ခန္ဓာကိုယ်ရဲ့ အောက်ပါ တာဝန်ရပ်များကို ပြီးမြောက်အောင် မစွမ်းဆောင်နိုင် တော့ပါ။
  • ကြွက်သားများကို ပြုပြင်ပေးခြင်း။

  • ဦးနှောက်မှ မှတ်ဉာဏ်အဖြစ် သိုလှောင်ပေးခြင်း။

  • ကြီးထွားရန်နှင့် အစာစားချင်စိတ်ကို ဖြစ်ပေါ်စေသော ဟော်မုန်းများကို ထုတ်လွှတ်ပေးခြင်း။

နောက်ဆုံး ရလာဒ်ကတော့ ကောင်းစွာ အာရုံမစူးစိုက်နိုင်ခြင်း၊ ဆုံးဖြတ်ချက်များပြုလုပ်ရန် အခက်အခဲရှိခြင်း၊ ကျောင်းသားဖြစ်ခဲ့လျှင် ကျောင်းစာများကို ကောင်းစွာ မလေ့လာနိုင်ခြင်းနှင့် လူမှုရေး လုပ်ငန်းဆောင်တာများတွင် စွမ်းဆောင်ရည် ကျဆင်းနိုင်ခြင်းတို့ ဖြစ်တတ်ပါသည်။

အိပ်စက်ခြင်းနဲ့ပါတ်သက်လို့ ကျွမ်းကျင်သူများရဲ့ ပြောပြချက်အရ အရွယ်ရောက်ပြီးတဲ့ လူတစ်ယောက်က တစ်နေ့ကိုအိပ်ချိန် ၇နာရီ ကနေ ၉နာရီကြားရှိရမယ်လို့ဆိုထားပါတယ်။ ဒါပေမယ့် တစ်ချို့သောသူတွေက အိပ်ချိန်နည်းပေမယ့် တစ်နေ့တာ လုပ်ငန်းဆောင်တာတွေကို ကောင်းစွာ ဆောင်ရွက်နိုင်ပြီး တစ်ချို့လူတွေက အိပ်ချိန်ပိုရရှိမှသာ တစ်နေ့တာ လည်ပတ်ဖို့ အားအင်ပြည့်ဝကြပါတယ်။

The National Sleep Foundation (NSF) ရဲ့မှတ်တမ်းများအရ လူတစ်ယောက်ရဲ့ အိပ်ချိန်က သူ့အသက်အရွယ် အပိုင်းအခြားအလိုက် ကွဲပြားသွားတယ်လို့ သိရပါတယ်။ မွေးကင်းစကလေးငယ်လေးများ ကတော့ အိပ်ချိန်တော်တော်များများ လိုအပ်တယ်။ ဒါတင်မကဘူး….၂၄နာရီပတ်လုံးမှာ ဖြစ်နိုင်ရင် ခဏခဏ သိပ်ပေးတာ ကလေးလေးတွေအတွက် ပိုသင့်လျော်ပါတယ်။ အသက် (၅)နှစ် အရွယ်လောက်ထိကို အခုလိုမျိုး နေ့ခင်းဘက် တစ်ရေးတစ်မော အိပ်စက်ခိုင်းခြင်းက ကလေးများအတွက် များစွာသင့်လျော်ပါတယ်။ အသက်အရွယ် ကြီးပြင်းလာတာနဲ့ အမျှ မှေးစက်ဖို့ လိုအပ်ချိန်တွေ တစ်ဖြည်းဖြည်း ကွာဟလာပါတယ်။
အိပ်ချိန် လုံလောက်စွာမရရှိခဲ့ရင် ဘာတွေဖြစ်နိုင်မလဲဆိုတဲ့ မေးခွန်းတွေ ရှိလာနိုင်တယ်။
  • စိတ်ထဲမှာ မရိုးမရွဖြစ်ခြင်း

  • စိတ်ဂဏှာမငြိမ်ဖြစ်ခြင်း

  • မောပန်းနွမ်းလျခြင်း

  • စိတ်သွားတိုင်း ကိုယ်မပါဖြစ်ခြင်း

  • စိတ်မကြည်ခြင်း

  • အမြင်အာရုံ၊ အကြားအာရုံ စတဲ့ အာရုံခံစားမှုအပိုင်းနဲ့ ကြွက်သားလှုပ်ရှားမှု အပိုင်းတွေမှာ နှေးကွေးမှုတွေကို ဖြစ်ပေါ်စေပါတယ်။
လူတစ်ယောက်ဟာ အိပ်ချိန်ကို လုံလောက်စွာ ရရှိနေမယ်ဆိုရင် ခန္ဓာကိုယ်မှ leptin နဲ့ ghrelin လို့ခေါ်တဲ့ ဟော်မုန်းဓါတ်တွေကို ပုံမှန်လည်ပတ်နေစေတယ်။ ဒီဟော်မုန်းနှစ်မျိုးက ဇီဝအစာချေဖျက်စနစ်အတွက် အထောက်အကူ ပြုသလိုပဲ ကျွန်မတို့ တစ်နေ့တာမှာ စားသုံးလိုက်တဲ့ ကယ်လိုရီဓါတ်တွေကို ပြန်လည်အသုံးပြုနိုင်ဖို့ အတွက်လည်း အကူအညီပေးပါတယ်။ အိပ်ရေး မ၀တဲ့ အချိန်မှာ ၄င်း ဟော်မုန်းတွေရဲ့ လုပ်ဆောင်ချက်ကို အနှောင့်အယှက်ပေးသလို ဖြစ်တဲ့အတွက် ခန္ဓာကိုယ် အလေးချိန်ကို အလွယ်တကူ မထိန်းချုပ်နိုင်ခြင်းနှင့် ပေါင်ချိန်တက်လာခြင်းတွေ ဖြစ်လာနိုင်ပါတယ်။

တကယ်တမ်းတော့ လုံလောက်စွာ အိပ်စက်နိုင်ခြင်းက လူတိုင်း အတွက် လိုအပ်သလို၊ အရေးလဲ ကြီးပါတယ်။ နေ့စဉ်ပုံမှန် ဆိုသလို လုံလောက်စွာ မအိပ်စက်နိုင်သူများအတွက် ဘ၀ရဲ့ ပျော်ရွှင်မှုအပိုင်းမှာ ထိခိုက်နစ်နာမှုတွေ ကြုံတွေ့လာနိုင်ပါတယ်။ အာဟာရပြည့်ဝတဲ့ အစားအစာ စားသောက်ခြင်းနဲ့ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် နှစ်ခြိုက်စွာ အိပ်စက်ခြင်းသို့ ရောက်ရှိအောင် ကြိုးစားကြည့်သင့်ပါတယ်။

အိပ်စက်ခြင်း အကြောင်းကိုသာ ခေါင်းစဉ်တွေတပ်ပြီး ရေးနေတာ။ တကယ်တော့ ကျွန်မအတွက် တစ်နေ့တာ အိပ်ချိန်တွေကို လုံလောက်စွာ မရရှိပါဘူး။ ညညတွေဆို အိပ်မပျော်တတ်ဘူး။ လူများတွေက ပြောတယ်။ အိပ်မပျော်ရင် စာဖတ်လိုက်။ စာဖတ်ရင်းနဲ့ ငိုက်ပြီး အိပ်ပျော်သွားရောတဲ့။ ကျွန်မအတွက်ကတော့ အဲ့ဒီ method က အသုံးမ၀င်ဘူး ဖြစ်နေတယ်။ အိပ်မပျော်လို့ စာအုပ်တစ်အုပ် ကောက်ဖတ်လိုက်တာနဲ့ အိပ်ချင်စိတ်တွေ ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်ပါလေရော။ ဒါနဲ့ပဲ ဘလော့မှာ ကဗျာတွေလည်း ကျဲလာရော။ မဆိုင်ဘူးလားဆို ဆိုင်တော့မဆိုင်ပါဘူး။ နဲနဲလေးတော့ဆိုင်တယ်။ ဘာလို့လဲဆို ကဗျာဆိုတာ ရေးချင်းတိုင်း ရေးလို့ရတာ မဟုတ်ဘူး။ ကျွန်မအတွက် ပြောတာပါ။ အထူးသဖြင့် ညမိုးချုပ်ချိန်တွေဆို တွေးငေးပြီး ကဗျာထိုင်စပ်ရတာကို ၀ါသနာ အလွန်ပါပါတယ်။ ဒါနဲ့ပဲ အိပ်ပျက်ညပေါင်းလဲ မနည်းတော့ပါဘူး။ အခုနောက်ပိုင်း ကျန်းမာရေး အခြေအနေကြောင့် ညကို စောစောအိပ်ဖြစ်ပါတယ်။ ကဗျာတွေ ခေါင်းထဲ တိုးဝင်လာလဲ ဇွတ်ကြိတ်မှိတ်ပြီးကို အိပ်ပျော်အောင်အိပ်ရတယ်။ တစ်ခါတစ်ခါ ညဘက်တွေ အိပ်ဆေး သောက်အိပ်မှ အိပ်ပျော်တယ်။ ညရောက်မှာကို ကြောက်တတ်လာတယ်။ အိပ်မပျော်တဲ့ ညတွေကို အမြန်ဆုံး အဆုံးသတ်ချင်နေပြီ။ အခုတော့ လေ့ကျင့်ခန်း ပုံမှန်လုပ်လို့ အိပ်ပျော်စ ပြုလာပါပြီ။ ဒီ topic လေးကလဲ ကျွန်မလို အိပ်မပျော်တဲ့ လူတွေအတွက်များ အသုံးဝင်မလားဆိုပြီး ဘာသာပြန်တင်လိုက်တာပါ။ တစ်ချို့ကပြောတယ် အိပ်ပျော်အောင် အိပ်လိုက်လေတဲ့။ အဲ့လောက်တောင် လွယ်ကူနေမှတော့ အိပ်မပျော်တဲ့ ရောဂါဆိုတာတောင် ရှိလာမှာ မဟုတ်တော့ဘူး။ အအိပ်ကောင်းသူများ၊ အိပ်ပျော်လွယ်သူများ အားလုံးကို မနာလိုဘူး။ :(

ခေးရော့စ်

6 comments:

  1. ခုလိုဝေမျှတာ ကျေးဇူးပါ မခေးရော့စ် ၊၊ နှစ်ခြိုက်စွာ အိပ်ပျော်နိုင်ပါစေဗျာ ၊၊

    ReplyDelete
  2. လူတစ်ယောက်မှ အိပ်စက်ခြင်းဟာလည်း အရေးးကြီးပါတယ်.. အခုလိုမျှဝေတော့ အားလုံးလည်း ဗဟုသုတကြွယ်ဝတာပေါ့။ အရေးကြီးမှန်း သိရပြီပေါ့။ ကျေးဇူးပါခင်ဗျာ

    ReplyDelete
  3. စိတ်ထဲမှာ မရိုးမရွဖြစ်ခြင်း

    စိတ်ဂဏှာမငြိမ်ဖြစ်ခြင်း

    မောပန်းနွမ်းလျခြင်း

    စိတ်သွားတိုင်း ကိုယ်မပါဖြစ်ခြင်း

    စိတ်မကြည်ခြင်း

    အမြင်အာရုံ၊ အကြားအာရုံ စတဲ့ အာရုံခံစားမှုအပိုင်းနဲ့ ကြွက်သားလှုပ်ရှားမှု အပိုင်းတွေမှာ နှေးကွေးမှုတွေကို ဖြစ်ပေါ်စေပါတယ်။

    ဟုတ်လိုက်လေကွယ်။ စိတ်သွားတိုင်းကိုယ်မပါလို့ ရုံးမရောက်ပေါင်းလည်းများလှပါပြီ။ :P

    ReplyDelete
  4. အိပ်မပျော်တဲ့ အကြောင်းရင်းတွေ လူတိုင်းမှာ မတူညီစွာ ရှိနေနိုင်တယ်လို့ ထင်မိပါတယ်မမရေ။ သိသလောက် အကြံပေးပါရစေ။ အိပ်မပျော်ဘူးဆို၇င် မအိပ်ခင် တစ်နာရီလောက်အလိုမှာ နွားနို့ပူပူလေး တစ်ခွက်လောက် သောက်ကြည့်ပါလား။ ညနေခင်းနေ၀င်ချိန်လောက်မှာ ကိုယ်နှစ်သက်တဲ့ အားကစားတစ်ခုခုကို နာရီဝက်လောက် အနည်းဆုံးလုပ်ထားတယ်ဆိုရင်လည်း ညခင်းဘက်မှာ ပင်ပန်းမှုနဲ့ အိပ်ချင်စိတ်က စောစောဖြစ်ပေါ်လာတတ်ပါတယ်။ စိတ်ပင်ပန်းမှုနဲ့ ဖိစီးမှုတွေဖြစ်လာရင်တော့ သင့်တော်သော စာအုပ်ကောင်းတစ်ကောင်းဖတ်ပြီး စိတ်ကိုလျှော့ချ အိပ်ယာပေါ်မှာလှဲနေရင်လည်း အိပ်ပျော်တတ်ပါတယ်။ တခါတလေ စိတ်ထဲမှာ တခုခုကို လျှော့ချမရရင် စာရွက်တစ်ရွက်ပေါ်မှာ ရေးချင်တာ ရေးလိုက်ရင်လည်း စိတ်ပြေသွားတတ်ပြီး အိပ်ချင်လာပါတယ်။ ဘုရားစာရွတ်ပြီး မျက်လုံးတွေကိုမှိတ်ထားရင်လည်း ကြာရင် အိပ်ပျော်သွားတတ်ပါတယ်။

    ကိုယ်လုပ်လေ့ရှိတာတွေကို မမအတွက် အသုံးဝင်မလားလို့ မျှဝေအကြံပြုကြည့်တာပါမမ ..။ ကောင်းမွန်ပျော်ရွှင်အေးချမ်းစွာ အိပ်စက်နိုင်ပါစေ :)

    ReplyDelete
  5. ဆုဝေလဲ ခုတလော အိပ်မပျော်တဲ့ညတွေ ကြုံနေရတယ် ခေးရော့ရေ ... ဟိုတွေးဒီတွေး အတွေးတွေများပြီး တော်တော်နဲ့ အိပ်မရတော့ဘူး ... အဲဒါနဲ့ ဘာမှမတွေးဖြစ်အောင်ကြိုးစားပြီး ဘုရားစာလေးမှတ်၊ ဒီလိုနဲ့မှ အိပ်မပျော်တော့လဲ ဆေးထသောက်ရတော့တာပဲ။ မနက်အလုပ်သွားရမှာဆိုတော့ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် အိပ်ပျော်သွားရင်ပြီးရော ဆိုပြီး ... သဘာဝအတိုင်း အိပ်တာမဟုတ်လို့ ကောင်းတော့မကောင်းဘူးပေါ့ ... ခေးရော့ပြောသလိုပဲ စိတ်အေးလက်အေး အိပ်ပျော်နိုင်ကြတဲ့သူတွေကို အားကျမိတယ် :)

    ReplyDelete
  6. ဟုတ်တယ်မမရေ. ခုတစ်လော အိပ်မပျော်တာအမှန်ပဲ ကဗျာတွေစာတွေရေးတာ နေ့ခင်းဘက်ဆိုမရေးတတ် .. ညမှရေးတော့ အိပ်ရေးပျက်ရော. ပြီးတော့ အိပ်ချင်တိုင်းလည်း အိပ်ပျော်တာမဟုတ်.... ခက်တယ်နော် :P

    ReplyDelete

အခုလို အချိန်ပေးပြီး လာရောက် ဖတ်ရှုတဲ့ လူအားလုံး ကွန်မန့် ပေးသွားတဲ့လူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ အတွေးအမြင်တွေကို လွတ်လပ်စွာ၊ နွေးထွေးစွာ ဖလှယ်နိုင်ပါတယ်ရှင်။