ဤဘလော့တွင် ရေးသားထားသော စာတစ်ပုဒ်ကို ဖြစ်စေ၊ စာတစ်ပိုဒ်ကို ဖြစ်စေ၊ စာတစ်ကြောင်းကို ဖြစ်စေ စီးပွားရေးအရ မဟုတ်ဘဲ မည်သည့်နေရာတွင် မဆို ကူးယူဖော်ပြလိုပါက ပိုင်ရှင်၏ ခွင့်ပြုချက် ရယူရန် မလိုဘဲ မည်သူမဆို ကိုးကားညွှန်းဆို၍ ပြန်လည် ဖော်ပြပေးမယ်ဆိုရင် ကျေးဇူး အများကြီး တင်ပါတယ်ရှင်။

Sunday, September 14

သေခါနီး ဆယ်ရက်အလို chaos ၏ ကယောင်ကတမ်း ဖွင့်ဟချက်များ

အချိန်တွေရှိနေတုန်းက ငါ…
သေရမယ်ဆိုတာကို မေ့ချင်ယောင်ဆောင်နေခဲ့တယ်။
မနက်ဖြန်များစွာကို
လက်ချိုးရေတွက်လို့ ပေါ့ပါးနေတာပဲ။
……………………………………
………………………………………….
……………………………………………………
…………………………………………………………….

ရှာရှာ ကြံကြံလဲ တက်တတ်ပါတယ်။ မသေခင် ဆယ်ရက်အလိုတဲ့။ ကဲ….ယိမ်းနွဲ့ပါး က ကိုမိုးကြယ်ရေ။ စိတ်ထဲရှိတဲ့ အတိုင်း လက်ကသွားတဲ့ အတိုင်းရေးလိုက်ပြီနော်။ အင်း……။ တကယ်တမ်းပြောရရင် ကျွန်မက ငယ်ငယ်လေးကတည်းက “ချူချာမယ်” (ပန်းကန်ပြားမယ်တော့မဟုတ်ဘူးနော် အဟတ်) ဆိုတဲ့ ဘွဲ့နာမည်ကို မလိုချင်ပဲ ပိုင်ဆိုင်ထားရတာ။ ခုချိန်ထိပေါ့။ တစ်မျိုးပြီး တစ်မျိုး ရောဂါတွေ အလျှိုလျှိုနဲ့ ဘယ်ကနေမှန်းမသိဘဲ ၀င်ဝင်လာတတ်လွန်းလို့ လူများတကာရဲ့ “အဲ့လောက်တောင်ပဲ ပျော့ရလား? အားအားရှိဖျားနေတယ်နော်? ဒီလိုမျိုးသာဆို အသက်ကြီးရင် ဘယ်လိုလုပ်မလဲ? နင်တော့ မဟုတ်သေးဘူးထင်တယ်?” ဆိုတဲ့ မေးခွန်းပေါင်းများစွာ အောက်မှာ ငြိမ်သက်တိတ်ဆိတ်စွာနဲ့ ပြန်ဖြေစရာ စကားမရှိခဲ့ပါဘူး။ မောင်နှစ်မသားချင်း အရင်းအချာဆိုတာ တစ်ယောက်တစ်လေမှ မရှိတဲ့ ကျွန်မ၊ မိဘတွေရဲ့ ပုံအောပြီး ချစ်တဲ့ အချစ်တစ်ခုကို ကျေကျေနပ်နပ်ကြီး ပိုင်ဆိုင်လို့ စိတ်ပျက်စရာ နေ့ရက်တွေကို အားတင်းပြီး ကျော်လွှားနေရတယ်။ သေမင်းဆိုတာ မျက်နှာမလိုက်တတ်ဆုံးသော၊ ဘာနဲ့မှ လာဘ်ပေးလို့ မလွှတ်မြောက်နိုင်သော အမှန်တရားရဲ့ ခါးသီးတဲ့ ကိုယ်စားလှယ်ကြီးပေါ့။ တကယ်လို့များ သေမင်းက မဆိုင်းမတွ လက်မရွံ့ဘဲ တစ်ချောင်းတည်းသာ ပိုင်ဆိုင်ခွင့်ရတဲ့ အသက်ကို နှုတ်ယူမယ်ဆိုရင်လဲ ဘာတတ်နိုင်မှာလဲ။ ဆယ်ရက်ပဲကျန်တော့မယ့် အချိန်ကို ရောဂါဆိုးဆိုးရွားရွား တစ်စုံတစ်ရာနဲ့ နာကျင်တဲ့ ဝေဒနာကို အိပ်ရာထက်မှာ ခံစားပြီး မကုန်လွန်ချင်ဘူး။ ကိုယ့်အနီးနားက ကိုယ့်ကိုချစ်တဲ့ လူတွေ မျက်ရည်လည်ရွဲနဲ့ ကိုယ့်ရဲ့ နောက်ဆုံးအချိန် ဝေဒနာခံစားနေရတာကို မမြင်စေချင်ဘူး။ မမြင်ခိုင်းရက်ဘူး။ ကိုယ်ကိုယ်တိုင်လဲ သူတို့ကို ဘယ်လိုနည်းနဲ့မှ မခွဲနိုင်ဘူး။ မခွဲရက်ဘူးလေ။


အချိန်တွေကို ရပ်တန့်ပေးထားပါလား
ခဏလောက်ဖြစ်ဖြစ်ပါ။
ဟင့်အင်း……
လာမခေါ်နဲ့ဦး
အဆင်သင့်မဖြစ်သေးဘူး။
ဘယ်ချိန်မှ ဖြစ်မယ်ဆိုတာ မမေးနဲ့
ငါ…ဖြေစရာ စကားမရှိဘူး။

ဆယ်ရက်တဲ့ ……
နည်းလိုက်တာ။
နေ့စွဲတွေက တွန်းတိုက်လို့
နေ့သစ်ကို ကူးပြောင်းဖို့ အားယူနေတယ်။
နာရီတွေကလဲ
တစ်ချက်ချက်နဲ့
အချိန်မှန်လည်ပတ်ရင်း
အောင်နိုင်သူတစ်ဦးရဲ့
အပြုံးမျက်နှာနဲ့
ငါ့ကို လှောင်ရယ်နေကြတယ်။

ဒီလိုနဲ့ ဘာလုပ်ရင်ကောင်းမလဲ။
ဘာဆက်လုပ်ရမလဲ ?
တွေးရင်း….ရက်တွေကုန်လွန်ကုန်ပြီ။
အချိန်သိပ်မရှိတော့ဘူး။
ပထမဆုံး သတိရမိတာက ဘုရားသခင်ကိုပေါ့။
ဟုတ်တယ်……
ငါ…ဘုရားရှိခိုးရင်းနဲ့ တရားရိပ်မှာ အေးချမ်းမှုကိုရှာရမယ်။
သံယောဇဉ် အပူမီးတွေနဲ့ လောင်မြှိုက်နေလို့ အသိဥာဏ်တွေ ချိနဲ့ကုန်တာ။
သေစမ်း…. ဟင့်အင်း….
ဘာလို့ ဒီအချိန်မှာမှ ဒီဝေါဟာရကြီးက ငါ့အတွက် ခါးသီးနေတာလဲ။
မပြောနဲ့ အဲ့ဒီ သေစကားတွေ။
ဟား…….နောက်ဆုံးချိန်ထိ ငါ တရားမရသေးဘူးပဲ။


မကြည့်နဲ့
အဲ့လိုမျက်လုံးတွေနဲ့
သနားစရာမလိုဘူးလေ။
ဒီလမ်းဟာ အားလုံးအတွက်
ဖောက်ထားတာ။
တစ်နေ့ကျရင်
ပုံစံမျိုးစုံနဲ့ မတူညီနဲ့နေရာစုံက
အတူတူ လျှောက်ရမှာပဲ။

မျက်ခွံတွေလေးလာပြီ။
အင်း………..
ငါ မလိုချင်တဲ့ အချိန်တစ်ခု
အရှေ့မှာ ငုတ်တုတ်ရောက်နေပြီ။
သွားရတော့မယ်။
မျက်စိဖွင့်မရတော့ဘူး။
မငိုနဲ့လေ။
မငိုနဲ့……
ငါနောက်ဆံမတင်းချင်ဘူး။
အသံတွေ မကြားရတော့ပါလား…..
အိုး………….
ငါကိုယ်တိုင်ရဲ့
ငါ့ရုပ်ကလာပ် ရှေ့မှာ လှဲလျောင်းနေပါလား…
ဒါဆို…ငါ………

မသေခင်ဆယ်ရက်ကို ကဗျာနဲ့ရေးလိုက်တာ။ အဟတ်။ တကယ်ပဲ သေသွားသလိုခံစားရတယ်။ ဆယ်ရက်မှာ လူများတွေလို ဘာလုပ်မယ်။ ဘယ်သွားမယ်။ ဘာစားမယ်နဲ့ ကျွန်မ အချိန်တွေမကုန်ပဲနဲ့ အတွေးတွေ ရုန်းရင်းဆန်ခတ်ဖြစ်ရင်းပဲ သေသွားမယ်ထင်တယ်။ အင်း….ဒီခေါင်းစဉ်လေး ရေးရတာ အကျိုး အများကြီးရှိပါတယ်။ ဆယ်ရက် မပြောနဲ့ နက်ဖြန်ဘာဖြစ်မယ် ဆိုတာတောင် ကြိုသိခွင့်မှမရှိတာပဲ။ ဒီနေ့ လတ်တစ်လော တန်ဖိုးရှိတဲ့အချိန် တွေကို အကျိုးရှိရှိ အသုံးချမယ်လေ။ မဖိတ်ခေါ်ဘဲ ရောက်လာတဲ့ ၀မ်းနည်းမှုတွေကို အတတ်နိုင်ဆုံး အာခံရင်းနဲ့ လုပ်ချင်တာတွေ၊ လုပ်မယ့် အရာတွေကို သေမင်းဆိုတဲ့ ကိုရုပ်ဆိုး မလာခင် စုတ်တံတစ်ချောင်းနဲ့ လှပတဲ့ ပန်းချီကားတစ်ချပ် ခြယ်မှုန်းထားမယ်။

ခေးရော့စ်

10 comments:

  1. အိုး………….
    ငါကိုယ်တိုင်ရဲ့
    ငါ့ရုပ်ကလာပ် ရှေ့မှာ လှဲလျောင်းနေပါလား…
    ဒါဆို…ငါ………

    ကဗျာရေးပြီးပြောထားတာ လေးကောင်းတယ်။
    ရေးပေးတာကျေးဇူးပါပဲ။ ဘာပဲဖြစ်ဖြစ်နောက်မစဉ်းစားနဲ့တော့။
    ကျောချမ်းတယ်။ :P

    ReplyDelete
  2. မင်္ဂလာပါ ခေးရော့စ် ရေ ၊၊ လာဖတ်တာပါ ၊၊ အရေးခက် အတွေးခက်တဲ့ ပို့စ်ပါပဲ ၊၊ ကဗျာ လေးနဲ့ ပုံဖော်တဲ့ စိတ်ကူးလေး ကောင်းတယ်ဗျာ ၊၊

    ReplyDelete
  3. ခေးရော့စ်အတွက် ဒီခေါင်းစဉ်လေး ရေးရတာ အကျိုးရှိသလို ဆုဝေအတွက်လဲ ခေးရော့စ်ရေးထားတဲ့ ကဗျာလေးကို ဖတ်ရတာ အကျိုးရှိပါတယ်။ ကိုယ်တိုင်ကြုံရမယ့် အဖြစ်အပျက်တစ်ခု ကြိုမြင်ယောင်လိုက်ရသလိုပါပဲ။ ဆုဝေဆိုရင်လဲ နောက်ဆယ်ရက်မှာ သေမယ်လို့များ သိနေခဲ့ရင် ဘာလုပ်မယ်ဆိုပြီး အစီအစဉ်တကျ လုပ်ဖြစ်မယ် မထင်ပါဘူး။ ဘုရားကို အာရုံပြုတာကလွဲရင်ပေါ့။ အကောင်းဆုံးကတော့ လက်ရှိအချိန်လေးတွေကို တန်ဖိုးထားပြီး အမှားကင်းနိုင်သမျှကင်းအောင် နေသွားဖို့ပဲနော်။

    ReplyDelete
  4. "သေမင်းဆိုတဲ့ ကိုရုပ်ဆိုး မလာခင် စုတ်တံတစ်ချောင်းနဲ့ လှပတဲ့ ပန်းချီကားတစ်ချပ် ခြယ်မှုန်းထားမယ်။"

    ကောင်းလိုက်တဲ့ အရေးနဲ့ အတွေး။

    ReplyDelete
  5. ကောင်းလိုက်တဲ့ဖွင့်ဟချက်နဲ့အတွေးအရေးဘဲညီမလေးရေ...

    ReplyDelete
  6. သေခြင်းတရားကို မြင်ကြည့်လို့ ရအောင် ဖွဲ့ထားတဲ့ ကဗျာလေးက တကယ့်ကိုကောင်းတယ်။

    ReplyDelete
  7. ကဗျာလေးကောင်းလိုက်တာ။ ဒါနဲ့ တို့ဘလော့ဂါကိုရုပ်ဆိုးကြီးက အလိုလိုသေမင်းဖြစ်သွားပါရော့လား..ခွိခွိ။

    ReplyDelete
  8. ဟိုတစ်ခါလာတော့ ဖတ်လို့မရတာနဲ့မမန့်ခဲ့ရဘူးမမ. ခုမှပဲဖတ်လို့ရတော့တယ်.. မိုက်တယ် ကဗျာလေးနဲ့ ပြောပြသွားတာ.. စိတ်ကူးကောင်းတယ်.. :P
    ဟုတ်သားး တို့အစ်ကိုကြီး ရုပ်ဆိုး.. သေမင်းဖြစ်သွားတယ် ဟိ ဟိ.. :P :D :)

    ReplyDelete
  9. ကယောက်ကတမ်းနဲ့ ဖွင့်ဟ တယ်ဆိုလို့ မမှန်ဘူးလို့ သတ်မှတ်တယ်ကွာ..
    မကျေနပ်ရင် ဂျီတော့ မှာလာ ဟိုင်း...... :P

    ကဗျာဆရာမလို့ကို မပြောရဘူး....... ဒီလိုကဗျာတွေ ပြန်ဖတ်ရတော့ ၀မ်းသာဒယ်ကွယ်

    ReplyDelete
  10. ကဗျာနဲ့  သေပြသွားပါလား... အဲလေ.. ယောင်လို့  ... ရေးပြသွားပါလားလို့ ပြောတာပါ ...။
    အတွေးတွေ ရုန်းရင်းဆန်ခတ်ဖြစ်ရင်း သေသွားမှာလား ...။ ဟုတ်မှာပါ...။

    ReplyDelete

အခုလို အချိန်ပေးပြီး လာရောက် ဖတ်ရှုတဲ့ လူအားလုံး ကွန်မန့် ပေးသွားတဲ့လူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ အတွေးအမြင်တွေကို လွတ်လပ်စွာ၊ နွေးထွေးစွာ ဖလှယ်နိုင်ပါတယ်ရှင်။