ဤဘလော့တွင် ရေးသားထားသော စာတစ်ပုဒ်ကို ဖြစ်စေ၊ စာတစ်ပိုဒ်ကို ဖြစ်စေ၊ စာတစ်ကြောင်းကို ဖြစ်စေ စီးပွားရေးအရ မဟုတ်ဘဲ မည်သည့်နေရာတွင် မဆို ကူးယူဖော်ပြလိုပါက ပိုင်ရှင်၏ ခွင့်ပြုချက် ရယူရန် မလိုဘဲ မည်သူမဆို ကိုးကားညွှန်းဆို၍ ပြန်လည် ဖော်ပြပေးမယ်ဆိုရင် ကျေးဇူး အများကြီး တင်ပါတယ်ရှင်။

Friday, September 28

ငြီးငွေ့ခြင်း

ငြီးငွေ့လိုက်တာ
ငြီးငွေ့ဖို့ ကောင်းလိုက်တာ
ဒီလိုနဲ့.....
ဒီလိုနဲ့......
ငြီးငွေ့ခြင်းမှာ ယဉ်ပါး အသားကျလာတဲ့ငါ
တစ်စ........တစ်စနဲ့ ငြီးငွေ့ခြင်းရဲ့ ထိန်းချုပ်မှုကြားမှာ ကျရှုံးနေပြီ...
တစ်ရက်ပြီး တစ်ရက်
တစ်မျိုး ပြီး တစ်မျိုး နဲ့
တစ်ခါတစ်လေတော့ ခံစားချက်တွေ ဆိတ်သုဉ်းတယ်။

နေ့ပြီးတော့ည
ဒါဆို ဒုက္ခပြီးရင် သုခပေါ့...
မလှောင်ပါနဲ့....
ရီချင်ရင် အော်ရီပစ်လိုက်စမ်းပါ
ဘာတွေများ အရေးကြီးလို့ မင်းရဲ့ အသိစိတ်ကြီးက လိုက်ထိန်းချုပ်နေရတာလဲ..
ငါ့အတွက်တော့ ငါ့ မသိစိတ်က တောင့်တသံကို
အမြဲ လက်ခံ ဖြည့်ဆည်းပေးတယ်
ဒါတောင်မှ ငါ ငြီးငွေ့တတ်နေတာ။

အားကျလို့များ ရောမချလိုက်နဲ့
မင်းရင်ဘတ်ထဲက မူပိုင်ခွင့်တွေ ပျောက်ဆုံးကုန်မယ်..
တံဆိပ်မကပ်ထားတဲ့ ဦးနှောက်မှာ အရာ တစ်ခုတွေ့တယ်..
စိတ်မကောင်း မဖြစ်နဲ့ သူငယ်ချင်း...
အနည်းဆုံးတော့ မင်း စဉ်းစားခဲ့ဖူးတာပဲ...

မာနရောင် နဲ့ အပြုံး
သံသယ မျက်လုံး
ဖုံးဖိထားတဲ့ ကြားက ထွက်ဖို့ တာဆူနေတဲ့ မင်း အတ္တတွေ
ပစ်ချလိုက်စမ်းပါ.....
ဟန်ဆောင်နေရတာ ပင်ပန်းလွန်းပါတယ်
မင်းကိုယ်မင်း ပြန်ကြည့်လိုက်ဦး
ဒေါသ၊ မောဟ၊ လောဘ နဲ့ ခရီးဆက်နေတာ
မင်း လိုချင်တဲ့ ခရီးတစ်ခု
ငါ့ အတွက်တော့ ငြီးငွေ့ခြင်း လို့ ပဲ့တင်သံတွေတောင် ထပ်လို့.....................

ခေးရော့စ်

Tuesday, September 25

ဟန်ချက်

ဘလော့ ပြန်ရေးဖြစ်တဲ့ ပထဆုံးနေ့မှာ ရင်ခုန်သလို၊ ဘာလိုလို ဖြစ်နေတာ ကိုယ့်ကိုယ်ကိုတော့ ရီချင်သား။ နှစ်ပေါင်းများစွာ ပစ်ထားမိတဲ့ ဘလော့ရဲ့ အစွမ်းက ခုချိန်ထိ ညှို့အားပြင်းနေဆဲ ဆိုတာ ကျွန်မ ဒီနေ့မှ သိလိုက်ရတယ်။




                             
             တကယ်တော့ ကျွန်မတို့ နေ့စဉ်လုပ်နေတဲ့ အလုပ်တွေနဲ့ လူမှုဘ၀ထဲမှာ ဟန်ချက် ပျောက်သွားရင် မလိုလားအပ်တဲ့ ပြသနာတွေ အများကြီး ကြုံလာနိုင်ပါတယ်။ ကိစ္စ အသေးအဖွဲလေးပဲ ဖြစ်ဖြစ် သူ့ စည်း၊ ဘောင်ကို ကျော်ပြီး အစွန်းရောက် သွားခဲ့ရင် ရလာဒ်က ကိုယ်မျှော်လင့်ထား သိလို မဖြစ်နိုင်တော့ဘူး။             နောက်တစ်ခုက ဘာပဲလုပ်လုပ် ကိုယ်တတ်နိုင်တာထက် ကိုယ်စွမ်းဆောင်နိုင်တာရဲ့ အတိုင်းအတာ တစ်ခထက် ကျော်သွားတယ်၊ မနိုင်တဲ့ ၀န်ကိုထမ်းဖို့ ကြိုးစားတယ် ဆိုရင် ကိုယ်ထင်သလောက် မျှော်လင့်သလောက် ခရီး မတွင်နိုင်တော့ဘူး။ ကိုယ်ကိုယ်တိုင်ရဲ့ အားနည်းချက်၊ အားသာချက်တွေကို သာသိထားမယ်ဆို ဆုံးဖြတ်ချက် တစ်ခုကို ချတဲ့အချိန်ကျရင် အမှားအနည်းဆုံးနဲ့ အထိရောက်ဆုံး ဖြစ်အောင် တွန်းပို့ပေးနိုင်တယ်။ အစွန်းရောက် အတွေးအခေါ်နဲ့ အယူအဆတွေကိုသာ တတ်နိုင်သလောက် ရှောင်နိုင်မယ်၊ ဘာပဲလုပ်လုပ် ဟန်ချက် မပျက်ဘူးဆိုရင် လောကကြီးက အစွန်းရောက်ခြင်းရဲ့ စွက်ဖက်မှု ကင်းလို့ တစ်မျိုးလှနေမယ် ထင်ပါရဲ့။

        ဟန်ချက် အကြောင်းကို တစ်သွင်သွင် ပြောနေပေမယ့် ဟန်ချက် ရှာဖို့က ဒီလောက်ပဲ လွယ်ကူသလား? တကယ်တော့ အပြောလွယ်ပြီး အလုပ်ခက်တဲ့ အရာတစ်ခုပါ။ စိတ်တည်ငြိမ် အေးချမ်းခြင်း ဆိုတာ ဘယ်အရာကိုမှ လွန်ကွဲစွာ မတပ်မက်၊ မခုံမင်ဘဲ အကောင်း၊ အဆိုး အားလုံး အတွက် တစ်နေ့မှာ နိဂုံး တစ်ခုစီ ရှိတယ်ဆိုတာ သိထားမယ်၊ လက်ခံထားနိုင်တဲ့ စိတ်အခြေအနေရဲ့ လှပတဲ့ အဖြေတစ်ခုပါ။ တစ်ခါတစ်ခါ ရိုးရှင်းလွန်းတဲ့ အရာတစ်ခုကို ရိုးရိုးလေး လက်ခံနိုင်ဖို့ ဆိုတာ ခက်နေပြန်ရော။ လိုချင်မှု နဲ့ လိုအပ်မှု ကိုမသိဘဲ ရောထွေး နှောင်ဖွဲ့ ခံနေရမယ်ဆိုရင် သံသရာလည်ပြီးရင်း လည်နေရင်းနဲ့ ဟန်ချက် ဆိုတာ ဟိုးဝေးသထက် ဝေးတဲ့နေရာမှာ လက်လှမ်းမှီနိုင်တော့မှာ မဟုတ်ဘူး။

              ကျွန်မတို့ဟာ ကိုယ်ကိုယ်တိုင်နဲ့ အဆက်ပြတ်သွားခဲ့ရင် ကျွန်မတို့ တကယ် လိုချင်တာဟာေ၀၀ါးပြီး ကိုယ်ကိုယ်တိုင်ရဲ့ နားမလည်ခြင်း များစွာထဲမှာ နှစ်မြှုပ်ရင်း နောက်ဆုံး ကိုယ်ကိုယ်တိုင်တောင် ပျောက်ဆုံးသွားနိုင်တယ်။ ဒီလိုဆို အနာဂတ်တွေလဲေ၀၀ါးလာမယ်၊ ဆုံးဖြတ်ချက်လဲ မပြတ်သားတော့ဘူး၊ အတွေးတွေလဲ ပဋိပက္ခ ဖြစ်လာမယ်၊ လိုချင်တာနဲ့ လိုအပ်တာလဲ မကွဲပြားတော့ဘူး။ ဟန်ချက်ညီတဲ့ ဘ၀ရဲ့ သော့ချက်က ဟန်ချက် ရှာတတ်ဖို့ပဲ။ ကဲ…………..ဘယ်လိုရှာကြမလဲ? 

ခေးရော့စ်

Wednesday, February 4

အမြင်ဆိုသော ထိုအရာ

ဘ၀မှာ အရေးကြီးဆုံးနဲ့ ပထမ အကျဆုံး အချက်ကတော့ ဘ၀ကို ပြောင်းဖို့ မကြိုစားဘဲနဲ့ ဘ၀ကိုကြည့်နေတဲ့ ကိုယ်ရဲ့ အမြင်တစ်ချို့ကို ပြောင်းလဲဖို့လိုအပ်တယ်။ ဘ၀မှာ ကြုံတွေ့ရမယ့် အနိုင်၊ အရှုံးအားလုံးပေါ် ကိုယ်ဘယ်လိုမြင်လဲဆိုတဲ့ အမြင်ဟာ အရေးအကြီးဆုံးပါပဲ။

သင် အောင်မြင်ချင် သလောက် မအောင်မြင် ဖြစ်နေသလား?
သင် လိုချင်နေတဲ့ ငွေကြေး အတိုင်းအတာ တစ်ခုရော သင့်ဆီမှာ ရှိနေပြီလား?
သင် လိုချင်နေတဲ့ မိသားစုပုံစံလေး ပိုင်ဆိုင်ခွင့်ရနေပြီလား?
သင် လိုအပ်နေတဲ့ အလုပ်အကိုင် သင့်မှာ ရှိနေပြီလား?

တကယ်လို့များ ဒီအဖြေတွေ အားလုံးအတွက် "no" ဆိုတဲ့ စာလုံးတစ်လုံးသာ ဖြေစရာရှိနေတယ် ဆိုရင်တော့ ကိုယ့်ရဲ့အမြင်တွေ အပေါ် ပြန်စမ်းစစ်ကြည့်ဖို့ လိုအပ်နေပြီ။ ဘ၀မှာ ၁၀% လောက်က ကိုယ် ဘာလုပ်လဲဆိုတာပဲ။ ဒါပေမယ့် ၉၀%ကတော့ ကိုယ်ဘယ်လို ရယူလဲပေါ်မှာ မူတည်နေတယ်တဲ့။ ၁၀%ဟာ အရေးကြီး လုပ်ငန်းဆောင်တာတွေပေါ့။ အရေးကြီး လုပ်ငန်းဆောင်တာတွေက သင့်ရဲ့ အမြင်တွေထက်တောင် ပိုလို့များပြား ကျယ်ပြန့်နေသေးတယ်။ ဒါကြောင့် ကိုယ်လုပ်နိုင်တာ အတတ်နိုင်ဆုံးလုပ်ရမယ်။ လုပ်ဆောင်ချက်တိုင်းမှာလဲ စဉ်းစား၊ ဆင်ခြင်မှုနဲ့ ကိုယ်လိုချင်နေတဲ့ ဘ၀ရဲ့အောင်မြင်မှုကို ဆွတ်ခူးနိုင်အောင် ကြိုးစားရမယ်။ တစ်ခုခုကို လုပ်တော့မယ်ဆိုရင် ကိုယ်လုပ်သလောက် ကိုယ့်မှာရှိသလောက်သာ ဖြစ်လာနိုင်တယ်လေ။ အဲ့ဒီဟာက ကိုယ်လိုချင်နေတဲ့၊ ကိုယ်မျှော်လင့်မိတဲ့ ကြီးကြီးမားမား တစ်ခုခုလဲ ဖြစ်ချင်ဖြစ်နေမယ်။ အနည်းအကျဉ်းသော ရလာဒ်တစ်ခုလဲ ဖြစ်ချင်ဖြစ်နေမယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ရလာဒ်ကို လက်ခံလို့ ဆက်ပြီး အသက်ရှင်နေရမှာပဲ။ ဒါဆို အရေးအကြီးဆုံး သော့ချက်တစ်ခုက ကိုယ်လုပ်လိုက်တဲ့ အလုပ်တွေအပေါ်မှာ ကိုယ့်ရဲ့အမြင်ပေါ့။ လူတစ်ယောက် အတွက် ဆက်ကြိုးစားလို့ ပျော်ရွှင်မှု ဆိုတဲ့ ခံစားချက်ဖြစ်ထွန်း နေချိန်မှာ နောက်လူတစ်ယောက် အတွက် တူညီတဲ့ ကိစ္စတစ်ခုမှာ ဘယ်လိုပဲကြိုးစား ကြိုးစား စိတ်ပျက်အားငယ်ခြင်း ဆိုတဲ့ ခံစားမှု ရှိနေနိုင်တယ်။ ဒါဆို ဘ၀မှာ အောင်မြင်မှု သရဖူ ဆောင်းနိုင်တဲ့လူဟာ ဘယ်သူလဲ? သေချာတာကတော့ လတ်ဆတ်ကျန်းမာတဲ့ အမြင်တစ်ချို့နဲ့လူပေါ့။

Ralph Waldo Emerson ဆိုတဲ့ လူတစ်ယောက်က ပြောဖူးတယ်။ မတူညီတဲ့ လူနှစ်ယောက်အတွက် တူညီနေတဲ့ အရာတစ်ခုကို မြင်ကြည့်နေတဲ့ အမြင်ကမတူတာပါတဲ့။ တစ်ယောက်သောသူ အတွက် ငရဲခန်းလို့ ထင်နေချိန်မှာ နောက်တစ်ယောက် အတွက် နိဗ္မာန်လို့ ယူဆနေနိုင်တယ်လေ။ နောက်တစ်ခု သတိထားရမှာက ကိုယ်ရဲ့အမြင်တွေကို ကိုယ်ဘယ်လို ပုံဖော်လဲပေါ့။ ရလာဒ်ကတော့ မှန်ကြည့်နေရသလိုပါပဲ။ ကိုယ်က ပြုံးပြုံးလေး ငေးကြည့်နေရင် မှန်ထဲက ကိုယ့်အရိပ်လေးကလဲ ပြုံးပြုံးလေး ပြန်ငေးနေမယ်။ ဒီလိုပါပဲ ကိုယ်ကမဲ့ရွဲ့လို့ ကြည့်နေရင် သူကလဲ မဲ့ရွဲ့ပြီး ပြန်ကြည့်နေမှာပဲလေ။ လူတစ်ယောက်ရဲ့ ပုံပန်းသဏ္ဏာန်ကို ကြည့်လို့ သူကောင်းတယ် ဆိုးတယ် ဆုံးဖြတ်ရတာ မလွယ်ပေမယ့် လူဆိုးတစ်ယောက်ရဲ့ အပြုအမူက ယဉ်ကျေးနေတတ်တာလဲ ရှိနေနိုင်တာပါပဲ။ တစ်ခါတစ်ခါလဲ လူယဉ်ကျေးတစ်ယောက်ရဲ့ အပြုအမူတွေ ပိုင်ဆိုင်နေသည်ထားဦး စိတ်ထားလေးကတော့ မည်းညစ်နေမယ်ဆိုရင်လဲ ဘယ်လိုလုပ် လှနေတော့မလဲ။ အောင်မြင်မှု တစ်ခုတည်ဆောက်ဖို့ ဘာမဆို လုပ်ရဲတဲ့လူကို ကျွန်မက ရှုံ့ချတယ်ဆိုပါစို့ ကျွန်မကိုလဲ အရာရာကို ငဲ့ညှာနေတဲ့ လူတစ်ယောက်ဟာ ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ဘူးလို့ ပြောလာတဲ့လူ ရှိလာမှာပဲ။ ကိုယ်မြင်တဲ့ အမြင်နဲ့တော့ ကိုယ့်ဟာကိုယ် မှန်နေကြတာပါပဲ။ ကိုယ်လုပ်တဲ့ လုပ်ရပ်တစ်ခုက လိပ်ပြာသန့်နေတယ်ဆိုရင်တော့ ဘယ်သူဘာပြောပြော ရှေ့ဆက်လျှောက်ရဲတဲ့ သတ္တိရှိဖို့ လိုအပ်တယ်။ လူများရဲ့ ထိုးနှက်တိုက်ခိုက်မှု ကြားမှာ ခွေလဲပြီး အရှုံးပေးသွားဖို့ မလိုအပ်ဘူးလေ။ ဘ၀မှာ တစ်ခါခါ ကြင်နာတတ်ခြင်းကို ပြသဖို့ ရက်စက်လိုက်ရတဲ့ အချိန်တွေရှိနေတတ်တယ်လေ။

ခေးရော့စ်

Friday, January 30

အနိုင်ရသူ နဲ့ ကျရှုံးသူ

ဘလော့ပိုစ့် လဲမတင်ဖြစ်တာကြာပြီ။ စာလာလာဖတ်နေတဲ့ သူတွေကိုလဲ အားနာတယ်။ မျက်နှာလဲပူတယ်။ ဒီနေ့ တစ်နေကုန် စာဖတ်နေမိတယ်။ စာပြန်ဖတ်ရင်းနဲ့ အရင်က ဘာသာပြန် ထားတဲ့ စာတစ်ပိုင်းတစ်စ တွေ့တော့ ပြန်တင်ပေးလိုက်ပါတယ်။ ဘာသာပြန် တစ်ချို့ကို ကျွန်မ အတွေးနဲ့ စိတ်ကူး တစ်ချို့ ပြန်လည်ပေါင်းစပ်လို့ ရေးထားမိတယ်။ အတွေးဆိုတာ တစ်ခါတစ်လေ တော့လဲ ထူးဆန်းတယ်။ ငြိမ်သက်နေတဲ့ သားရေကွင်း တစ်ခုနဲ့ အလားတူတယ်။ ဒီတိုင်းထားရင် ဒီတိုင်းဖြစ်နေတတ်တယ်။ ဆွဲဆန့်ဖို့ ကြိုးစားလိုက်တဲ့ အချိန်မှာ လိုသလောက် ဆန့်ထွက်လာတတ်တယ်။ ဒါပေမယ့် သတိနဲ့ ထိန်းတတ်ဖို့လဲ လိုပြန်ရော။ အသိတရား ခဏလွှတ်ထွက် သွားတဲ့ အချိန်မှာ သားရေကွင်းက ပြတ်ထွက်သွားတာ ဖြစ်နိုင်သလို မူလအနေ အထားအတိုင်း ပြန်ရှိနေတာလဲ ဖြစ်တတ်ပြန်ရော.....................

အနိုင်ရသူ ဆိုတာ အဖြေတစ်ခုရဲ့ တစ်စိတ်တစ်ဒေသ။
ကျရှုံးသူ ဆိုတာ ပြသနာ တစ်ခုရဲ့ အပိုင်းအစ။

အနိုင်ရသူမှာ ဘယ်လိုလုပ်မလဲ ဆိုတဲ့ အစီအစဉ် တစ်ခုရှိတယ်။
ကျရှုံးသူ မှာတော့ ဆင်ခြေဆင်လက် အပြည့်နဲ့။

အနိုင်ရသူဟာ ပြသနာတိုင်းရဲ့ သော့ချက်ကို အဖြေမှာ ရှာဖွေတွေ့တယ်။
ရှုံးနိမ့်သူ ကတော့ အဖြေတစ်ခုစီတိုင်း အတွက် ပြသနာကို အမြဲမြင်တယ်။

အနိုင်ရသူက ပြောတယ် " ဒါဟာ ခက်ခဲတယ်။ ဒါပေမယ့် ဖြစ်နိုင်ချေ ရှိတယ်"။
ရှုံးနိမ့်သူက ပြောတယ် " ဒါဟာ ဖြစ်နိုင်ချေ တော့ရှိတယ်။ ဒါပေမယ့် ခက်ခဲလွန်းတယ်"၊

အပေါ်က စာပိုဒ်လေးတွေက ဘာသာပြန်စာသား တွေပေါ့၊ အောက်က စာပိုဒ်တွေကတော့ ကိုယ်ပိုင် ဒသနဖွင့်ထားတာ။ အဟတ်။ မှားရင်လဲ ခွင့်လွှတ်ကြပါနော်။

အနိုင်ရသူ----- အောင်မြင်မှု ရလေ ချိုးနှိမ်စိတ် ပိုများလာလေ။
ကျရှုံးသူ----- အနည်းအကျဉ်းသော အောင်မြင်မှုတိုင်းအတွက် မောက်မာ ခက်ထန်သူ။

အနိုင်ရသူ----- အခြားသောသူများ အိပ်စက် အနားယူ နေချိန်တွင် အပတ်တကုတ် ကြိုးစားသူ။
ကျရှုံးသူ----- ကြိုးစားနိုင်သော အခွင့်အရေး များစွာကို ကြိုးစားခွင့် ရှိနေချိန်တွင် ဖြုန်းတီးသူ။

အနိုင်ရသူ----- လုံ့လ ၀ီရိယကို ပွေ့ပိုက်၍ ခရီးဆက်သူ။
ကျရှုံးသူ---- အချိန်ဆွဲခြင်း များဖြင့် ကိစ္စရပ်များကို နှောင့်နှေး ကြန့်ကြာစေ၍ လိုရာ ခရီးသို့ မရောက်သောသူ။

အနိုင်ရသူ----- တစ်စိုက်မတ်မတ်ဖြင့် ပန်းတိုင်အရောက် မကြောက်မရွံ့ ရည်မှန်းချက်ကို ဆွတ်ခူးသူ။
ကျရှုံးသူ----- အနည်းအကျဉ်းမျှသော အခက်အခဲတွေ့ရုံမျှဖြင့် အရာအားလုံးကို လက်မြောက် အရှုံးပေးလိုက်သူ။

ခေးရော့စ်