Wednesday, October 31
You
Sunday, October 14
ဖွင့်ဟ၀န်ခံခြင်း
Sunday, October 7
ပုပ်ပွသွားသော ကတိတစ်ခု
မတည်နိုင်တဲ့ ကတိ
နင် သစ္စာဆိုပြီး ပေးခဲ့တယ်...
ငါ့ ရင်ဘတ်သာ ဟက်တက်ကွဲမယ်...
နင်ကတော့ ယုံကြည်မှုကို အလွှဲသုံးစားလုပ်လို့
ကတိ ဖောက်ဖျက်ခဲ့တာ" ကံတရားကြောင်"့တဲ့ လား။
နှုတ်ကတိလဲ မတည်
စာကတိလဲ မရှိ
ကြင်နာတဲ့ အကြည့်တစ်ချက်တောင်
မစွန့်ကျဲခဲ့တော့လဲ
ငါ...ဘာတတ်နိုင်ဦးမှာလဲ။
ငါ့ မျှော်လင့်ချက် အိပ်မက်ကို
အရိုင်းဆန်တယ် နင်ပြောတုန်းက
ငါ ဆွံအနေခဲ့ဖူးတယ်..
ဥပေက္ခာ နဲ့ ငါ့ကို အနိုင်ယူတဲ့ နင့်ကို
ငါ...ခွင့်လွှတ်နေတာ
အတ္တကောင်ကို ငါမုန်းလို့ပေါ့.
လောကဓံရဲ့ လှည့်ကွက်ကို ခုတုံးလုပ် ပြီးခံစားနေတဲ့ ငါ့ရင်ဘတ်က.......
....................
..................
...............
.............
.......
.....
...
..
.
မာနတံတိုင်းတွေ အလဲလဲ အကွဲကွဲနဲ့
အဖာအထေးကြားက နှလုံးသားက
ကြာကြာတစ်ခါ
သံကုန်ဟစ်ပြီး ငိုနေတဲ့အသံ
နင်ကြားနေလဲ ဘာအရေးလဲ
ထူးဆန်းမနေနဲ့
ဒါ ပုထုဇဉ်တွေ ရဲ့ သံသရာနွံပဲလေ။
မကြာသေးဘူး
နင့် ကတိ နဲ့ ထပ်တူ သစ္စာထားတဲ့
ငါ့ နှလုံးသားက နာကျင်လွန်းလို့
ငါ့ကိုယ်ငါတောင် မြေမြှုပ် သင်္ဂြုလ်ခဲ့ဖူးတယ်။
အရိုးဆွေးနေတဲ့ နင့် ကတိနဲ့ သစ္စာတရားက
အလောင်းကောင်တွေ နဲ့ အလွမ်းတွေကြားမှာ
လှောင်ပြုံးနဲ့ သရော်နေလိုက်တာ
ငါ့ နှလုံးသား မြေချပွဲက ပုပ်ပွလို့ပါလား..
ခေးရော့စ်
Thursday, October 4
အဖိုးအို နှင့် အာလူးခင်း
Friday, September 28
ငြီးငွေ့ခြင်း
Tuesday, September 25
ဟန်ချက်
ဟန်ချက် အကြောင်းကို တစ်သွင်သွင် ပြောနေပေမယ့် ဟန်ချက် ရှာဖို့က ဒီလောက်ပဲ လွယ်ကူသလား? တကယ်တော့ အပြောလွယ်ပြီး အလုပ်ခက်တဲ့ အရာတစ်ခုပါ။ စိတ်တည်ငြိမ် အေးချမ်းခြင်း ဆိုတာ ဘယ်အရာကိုမှ လွန်ကွဲစွာ မတပ်မက်၊ မခုံမင်ဘဲ အကောင်း၊ အဆိုး အားလုံး အတွက် တစ်နေ့မှာ နိဂုံး တစ်ခုစီ ရှိတယ်ဆိုတာ သိထားမယ်၊ လက်ခံထားနိုင်တဲ့ စိတ်အခြေအနေရဲ့ လှပတဲ့ အဖြေတစ်ခုပါ။ တစ်ခါတစ်ခါ ရိုးရှင်းလွန်းတဲ့ အရာတစ်ခုကို ရိုးရိုးလေး လက်ခံနိုင်ဖို့ ဆိုတာ ခက်နေပြန်ရော။ လိုချင်မှု နဲ့ လိုအပ်မှု ကိုမသိဘဲ ရောထွေး နှောင်ဖွဲ့ ခံနေရမယ်ဆိုရင် သံသရာလည်ပြီးရင်း လည်နေရင်းနဲ့ ဟန်ချက် ဆိုတာ ဟိုးဝေးသထက် ဝေးတဲ့နေရာမှာ လက်လှမ်းမှီနိုင်တော့မှာ မဟုတ်ဘူး။
ကျွန်မတို့ဟာ ကိုယ်ကိုယ်တိုင်နဲ့ အဆက်ပြတ်သွားခဲ့ရင် ကျွန်မတို့ တကယ် လိုချင်တာဟာေ၀၀ါးပြီး ကိုယ်ကိုယ်တိုင်ရဲ့ နားမလည်ခြင်း များစွာထဲမှာ နှစ်မြှုပ်ရင်း နောက်ဆုံး ကိုယ်ကိုယ်တိုင်တောင် ပျောက်ဆုံးသွားနိုင်တယ်။ ဒီလိုဆို အနာဂတ်တွေလဲေ၀၀ါးလာမယ်၊ ဆုံးဖြတ်ချက်လဲ မပြတ်သားတော့ဘူး၊ အတွေးတွေလဲ ပဋိပက္ခ ဖြစ်လာမယ်၊ လိုချင်တာနဲ့ လိုအပ်တာလဲ မကွဲပြားတော့ဘူး။ ဟန်ချက်ညီတဲ့ ဘ၀ရဲ့ သော့ချက်က ဟန်ချက် ရှာတတ်ဖို့ပဲ။ ကဲ…………..ဘယ်လိုရှာကြမလဲ?
Wednesday, February 4
အမြင်ဆိုသော ထိုအရာ
သင် အောင်မြင်ချင် သလောက် မအောင်မြင် ဖြစ်နေသလား?
သင် လိုချင်နေတဲ့ ငွေကြေး အတိုင်းအတာ တစ်ခုရော သင့်ဆီမှာ ရှိနေပြီလား?
သင် လိုချင်နေတဲ့ မိသားစုပုံစံလေး ပိုင်ဆိုင်ခွင့်ရနေပြီလား?
သင် လိုအပ်နေတဲ့ အလုပ်အကိုင် သင့်မှာ ရှိနေပြီလား?
တကယ်လို့များ ဒီအဖြေတွေ အားလုံးအတွက် "no" ဆိုတဲ့ စာလုံးတစ်လုံးသာ ဖြေစရာရှိနေတယ် ဆိုရင်တော့ ကိုယ့်ရဲ့အမြင်တွေ အပေါ် ပြန်စမ်းစစ်ကြည့်ဖို့ လိုအပ်နေပြီ။ ဘ၀မှာ ၁၀% လောက်က ကိုယ် ဘာလုပ်လဲဆိုတာပဲ။ ဒါပေမယ့် ၉၀%ကတော့ ကိုယ်ဘယ်လို ရယူလဲပေါ်မှာ မူတည်နေတယ်တဲ့။ ၁၀%ဟာ အရေးကြီး လုပ်ငန်းဆောင်တာတွေပေါ့။ အရေးကြီး လုပ်ငန်းဆောင်တာတွေက သင့်ရဲ့ အမြင်တွေထက်တောင် ပိုလို့များပြား ကျယ်ပြန့်နေသေးတယ်။ ဒါကြောင့် ကိုယ်လုပ်နိုင်တာ အတတ်နိုင်ဆုံးလုပ်ရမယ်။ လုပ်ဆောင်ချက်တိုင်းမှာလဲ စဉ်းစား၊ ဆင်ခြင်မှုနဲ့ ကိုယ်လိုချင်နေတဲ့ ဘ၀ရဲ့အောင်မြင်မှုကို ဆွတ်ခူးနိုင်အောင် ကြိုးစားရမယ်။ တစ်ခုခုကို လုပ်တော့မယ်ဆိုရင် ကိုယ်လုပ်သလောက် ကိုယ့်မှာရှိသလောက်သာ ဖြစ်လာနိုင်တယ်လေ။ အဲ့ဒီဟာက ကိုယ်လိုချင်နေတဲ့၊ ကိုယ်မျှော်လင့်မိတဲ့ ကြီးကြီးမားမား တစ်ခုခုလဲ ဖြစ်ချင်ဖြစ်နေမယ်။ အနည်းအကျဉ်းသော ရလာဒ်တစ်ခုလဲ ဖြစ်ချင်ဖြစ်နေမယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ရလာဒ်ကို လက်ခံလို့ ဆက်ပြီး အသက်ရှင်နေရမှာပဲ။ ဒါဆို အရေးအကြီးဆုံး သော့ချက်တစ်ခုက ကိုယ်လုပ်လိုက်တဲ့ အလုပ်တွေအပေါ်မှာ ကိုယ့်ရဲ့အမြင်ပေါ့။ လူတစ်ယောက် အတွက် ဆက်ကြိုးစားလို့ ပျော်ရွှင်မှု ဆိုတဲ့ ခံစားချက်ဖြစ်ထွန်း နေချိန်မှာ နောက်လူတစ်ယောက် အတွက် တူညီတဲ့ ကိစ္စတစ်ခုမှာ ဘယ်လိုပဲကြိုးစား ကြိုးစား စိတ်ပျက်အားငယ်ခြင်း ဆိုတဲ့ ခံစားမှု ရှိနေနိုင်တယ်။ ဒါဆို ဘ၀မှာ အောင်မြင်မှု သရဖူ ဆောင်းနိုင်တဲ့လူဟာ ဘယ်သူလဲ? သေချာတာကတော့ လတ်ဆတ်ကျန်းမာတဲ့ အမြင်တစ်ချို့နဲ့လူပေါ့။
Ralph Waldo Emerson ဆိုတဲ့ လူတစ်ယောက်က ပြောဖူးတယ်။ မတူညီတဲ့ လူနှစ်ယောက်အတွက် တူညီနေတဲ့ အရာတစ်ခုကို မြင်ကြည့်နေတဲ့ အမြင်ကမတူတာပါတဲ့။ တစ်ယောက်သောသူ အတွက် ငရဲခန်းလို့ ထင်နေချိန်မှာ နောက်တစ်ယောက် အတွက် နိဗ္မာန်လို့ ယူဆနေနိုင်တယ်လေ။ နောက်တစ်ခု သတိထားရမှာက ကိုယ်ရဲ့အမြင်တွေကို ကိုယ်ဘယ်လို ပုံဖော်လဲပေါ့။ ရလာဒ်ကတော့ မှန်ကြည့်နေရသလိုပါပဲ။ ကိုယ်က ပြုံးပြုံးလေး ငေးကြည့်နေရင် မှန်ထဲက ကိုယ့်အရိပ်လေးကလဲ ပြုံးပြုံးလေး ပြန်ငေးနေမယ်။ ဒီလိုပါပဲ ကိုယ်ကမဲ့ရွဲ့လို့ ကြည့်နေရင် သူကလဲ မဲ့ရွဲ့ပြီး ပြန်ကြည့်နေမှာပဲလေ။ လူတစ်ယောက်ရဲ့ ပုံပန်းသဏ္ဏာန်ကို ကြည့်လို့ သူကောင်းတယ် ဆိုးတယ် ဆုံးဖြတ်ရတာ မလွယ်ပေမယ့် လူဆိုးတစ်ယောက်ရဲ့ အပြုအမူက ယဉ်ကျေးနေတတ်တာလဲ ရှိနေနိုင်တာပါပဲ။ တစ်ခါတစ်ခါလဲ လူယဉ်ကျေးတစ်ယောက်ရဲ့ အပြုအမူတွေ ပိုင်ဆိုင်နေသည်ထားဦး စိတ်ထားလေးကတော့ မည်းညစ်နေမယ်ဆိုရင်လဲ ဘယ်လိုလုပ် လှနေတော့မလဲ။ အောင်မြင်မှု တစ်ခုတည်ဆောက်ဖို့ ဘာမဆို လုပ်ရဲတဲ့လူကို ကျွန်မက ရှုံ့ချတယ်ဆိုပါစို့ ကျွန်မကိုလဲ အရာရာကို ငဲ့ညှာနေတဲ့ လူတစ်ယောက်ဟာ ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ဘူးလို့ ပြောလာတဲ့လူ ရှိလာမှာပဲ။ ကိုယ်မြင်တဲ့ အမြင်နဲ့တော့ ကိုယ့်ဟာကိုယ် မှန်နေကြတာပါပဲ။ ကိုယ်လုပ်တဲ့ လုပ်ရပ်တစ်ခုက လိပ်ပြာသန့်နေတယ်ဆိုရင်တော့ ဘယ်သူဘာပြောပြော ရှေ့ဆက်လျှောက်ရဲတဲ့ သတ္တိရှိဖို့ လိုအပ်တယ်။ လူများရဲ့ ထိုးနှက်တိုက်ခိုက်မှု ကြားမှာ ခွေလဲပြီး အရှုံးပေးသွားဖို့ မလိုအပ်ဘူးလေ။ ဘ၀မှာ တစ်ခါခါ ကြင်နာတတ်ခြင်းကို ပြသဖို့ ရက်စက်လိုက်ရတဲ့ အချိန်တွေရှိနေတတ်တယ်လေ။
ခေးရော့စ်
Friday, January 30
အနိုင်ရသူ နဲ့ ကျရှုံးသူ
ကျရှုံးသူ ဆိုတာ ပြသနာ တစ်ခုရဲ့ အပိုင်းအစ။
အနိုင်ရသူမှာ ဘယ်လိုလုပ်မလဲ ဆိုတဲ့ အစီအစဉ် တစ်ခုရှိတယ်။
ကျရှုံးသူ မှာတော့ ဆင်ခြေဆင်လက် အပြည့်နဲ့။
အနိုင်ရသူဟာ ပြသနာတိုင်းရဲ့ သော့ချက်ကို အဖြေမှာ ရှာဖွေတွေ့တယ်။
ရှုံးနိမ့်သူ ကတော့ အဖြေတစ်ခုစီတိုင်း အတွက် ပြသနာကို အမြဲမြင်တယ်။
အနိုင်ရသူက ပြောတယ် " ဒါဟာ ခက်ခဲတယ်။ ဒါပေမယ့် ဖြစ်နိုင်ချေ ရှိတယ်"။
ရှုံးနိမ့်သူက ပြောတယ် " ဒါဟာ ဖြစ်နိုင်ချေ တော့ရှိတယ်။ ဒါပေမယ့် ခက်ခဲလွန်းတယ်"၊
အပေါ်က စာပိုဒ်လေးတွေက ဘာသာပြန်စာသား တွေပေါ့၊ အောက်က စာပိုဒ်တွေကတော့ ကိုယ်ပိုင် ဒသနဖွင့်ထားတာ။ အဟတ်။ မှားရင်လဲ ခွင့်လွှတ်ကြပါနော်။
အနိုင်ရသူ----- အောင်မြင်မှု ရလေ ချိုးနှိမ်စိတ် ပိုများလာလေ။
ကျရှုံးသူ----- အနည်းအကျဉ်းသော အောင်မြင်မှုတိုင်းအတွက် မောက်မာ ခက်ထန်သူ။
အနိုင်ရသူ----- အခြားသောသူများ အိပ်စက် အနားယူ နေချိန်တွင် အပတ်တကုတ် ကြိုးစားသူ။
ကျရှုံးသူ----- ကြိုးစားနိုင်သော အခွင့်အရေး များစွာကို ကြိုးစားခွင့် ရှိနေချိန်တွင် ဖြုန်းတီးသူ။
အနိုင်ရသူ----- လုံ့လ ၀ီရိယကို ပွေ့ပိုက်၍ ခရီးဆက်သူ။
ကျရှုံးသူ---- အချိန်ဆွဲခြင်း များဖြင့် ကိစ္စရပ်များကို နှောင့်နှေး ကြန့်ကြာစေ၍ လိုရာ ခရီးသို့ မရောက်သောသူ။
အနိုင်ရသူ----- တစ်စိုက်မတ်မတ်ဖြင့် ပန်းတိုင်အရောက် မကြောက်မရွံ့ ရည်မှန်းချက်ကို ဆွတ်ခူးသူ။
ကျရှုံးသူ----- အနည်းအကျဉ်းမျှသော အခက်အခဲတွေ့ရုံမျှဖြင့် အရာအားလုံးကို လက်မြောက် အရှုံးပေးလိုက်သူ။
Sunday, January 11
Mother's Love
Mother Day Poems2
Friday, November 21
တန်ဖိုး
- ဒီနေ့ တကယ်လို့များ နားမ၀င်သာတဲ့ စကားတစ်ခုကို ပြောမိတော့မယ်ဆိုရင် စကားလုံးဝမပြောတတ်တဲ့သူတွေကို သတိရလိုက်ပါ။
- အရင်တုန်းက အစားအသောက်နဲ့ ပတ်သက်ပြီး ချေးများတယ် ဆိုရင် စားစရာတောင် လုံးဝမရှိနေတဲ့ သူတွေကို သတိရလိုက်ပါ။
- ကိုယ့်ရဲ့ ကြင်ယာဘက်နဲ့ ပတ်သက်ပြီး မကောင်းမြင်နေမယ်၊ အပြစ်တွေတင်နေမယ်ဆိုရင် ဘ၀မှာအဖော်တစ်ယောက် တစ်လေမှ မရှိနိုင်လို့ ဘုရားသခင်ထံ ငိုကြွေးပြီး ဆုတောင်းနေသူများကို သတိရလိုက်ပါ။
- ဒီနေ့မှာ တကယ်လို့များ ဘ၀နဲ့ ပတ်သက်ပြီး အပြစ်တင်နေမယ်ဆိုရင် တစ်ချို့သောလူများ ဘ၀ဆိုတာကို သေချာမသိခင်ဘဲ လူ့လောကကနေ ထွက်ခွာသွားနေရတယ်ဆိုတာကို သတိရလိုက်ပါ။
- ကိုယ့်မှာရှိတဲ့ ကလေးတွေနဲ့ပတ်သက်ပြီး ဗာဟီရများတယ် ဘာဖြစ်တယ် ညာဖြစ်တယ် ပြောနေမိတယ်ဆိုရင် တစ်ချို့လူတွေ ကလေးလိုချင်လို့မှ ကလေးမရနိုင်တာကို သတိရလိုက်ပါ။
- တစ်ချိန်က ကိုယ့်အိမ်မှာ ဖုန်တင်နေလို့ပဲဖြစ်ဖြစ်၊ တစ်ယောက်ယောက်က မလှည်းမကျင်းထားတာပဲဖြစ်ဖြစ် အပြစ်တွေ မြင်နေမိတယ်ဆိုရင် တစ်ချို့သောလူတွေ အပြစ်တင်ခွင့်ဘာမှမရှိဘဲ လမ်းပေါ်မှာနေထိုင်နေရတာကို သတိရလိုက်ပါ။
- ကိုယ်က ယာဉ်တစ်ခုကို ပိုင်ဆိုင်နေရက်နဲ့ သွားရတဲ့ ခရီးဝေးလို့ ငြီးတွားနေမယ်ဆိုရင် ခရီးချင်းအတူတူကိုမှ ကိုယ့်ခြေထောက်ကိုယ် အားကိုးပြီး လမ်းလျှောက်နေရတဲ့ သူတွေကို သတိရလိုက်ပါ။
- ကိုယ်လက်ရှိလုပ်နေတဲ့ အလုပ်တစ်ခုနဲ့ ပတ်သက်ပြီး ပွစိပွစိနဲ့ အပြစ်မြင်နေမယ်၊ ကိုယ့်ကိုယ်ကို ပင်ပန်းနေမယ်လို့ မြင်နေရင် အလုပ်လက်မဲ့လူတွေ၊ မသန်မစွမ်းတွေနဲ့ အလုပ်လိုချင်တဲ့လူတွေကို သတိရလိုက်ပါ။
- တွေ့ရာလူကို လက်ညှိုးလေးထိုးပြီး အပြစ်မြင်နေမယ့်အစား လောကကြီးမှာရှိတဲ့ ဘယ်တစ်ဦးတစ်ယောက်ကမှ ပြည့်စုံခြင်း ဆိုတာကို မပိုင်ဆိုင်ထားနိုင်ဘူးဆိုတာကို သတိရလိုက်ပါ။
ဒါက ဖောဝေါ့မေးထဲက စာသားလေးတွေကို တတ်နိုင်သလောက် ဘာသာပြန်ထားတာပါ။ ရေးထားတာကတော့ ဟုတ်လို့။ ရှင်းရှင်းပြောရရင် အကောင်းမြင်ကြည့်မယ်ပေါ့။ အဓိက လူတစ်ယောက်မှာ သူရဲ့ ပြသနာကို ဘယ်ရှုထောင့် ကြည့်ပြီး ဆုံးဖြတ်မယ်ဆိုတာ အရေးအကြီးဆိုပါ။ အရာရာကို အကောင်းမြင်ပြီး အရှုံပေး နှလုံးအေး အားလုံးကို လက်မြောက် ဖြစ်ချင်ရာဖြစ် လက်ခံမယ်ဆိုလဲ မဟုတ်သေးပြန်ဘူး။ အချိန်အခါနဲ့ အခြေအနေကိုကြည့်ပြီး လုပ်သင့်လုပ်ထိုက်တာကို ခွဲခြားသိလို့ တန်ဖိုးဆိုတာကို နားလည်မယ်ဆိုရင်…………….
ခေးရော့စ်
Sunday, November 16
အမေးအဖြေနဲ့ အတွေးတွေ
တစ်နေ့မှာ ခေါင်းဆောင်က “ တကယ်လို့များ မင်းတစ်ခြားလူသားတွေကို သတ်ပစ်နိုင်ရင် ဒါမှမဟုတ် လူတွေကို အနာတရဖြစ်အောင်သာ လုပ်နိုင်မယ်ဆိုရင် မင်းရဲ့လုပ်ရပ်အတွက် ဆုတံဆိပ်တွေ အမြောက်အများ ချီးမြှင့်ခံရမှာဖြစ်သလို အဆုံးမဲ့ အောင်မြင်မှု၊ ကျော်ကြားမှု တစ်ခုကိုပိုင်ဆိုင်ရစေမယ်။ ဒီလိုအမိန့်ပေး ခိုင်းစေတာလဲ တစ်ခြားတော့ မဟုတ်ပါဘူး။ လူသားတွေကိုကယ်တင်ဖို့ပါ။” လို့ပြောလိုက်တယ်။
“ ကျွန်ုပ်က ကရုဏာ ရှေ့ရှုတဲ့ လူတစ်ယောက်ပါ” စစ်သားလေးကဆက်ပြောတယ် “ သတ်ဖြတ်မှုနဲ့ လူတွေကို နာကျင်အောင်လုပ်တာက တကယ်ပဲ ကမ္ဘာကြီးကို ငြိမ်းချမ်းမှုဆောင်ယူလာနိုင်တယ်ဆိုတာ ဟုတ်ပါသလား?”
ဒါနဲ့ ခေါင်းဆောင်က ဖြေတယ် “ယုတ်ညံ့တဲ့၊ စိတ်ဓါတ်မကောင်းတဲ့ လူတွေကို သုတ်သင်ဖို့အတွက် တစ်ခုတည်းသော နည်းလမ်းက သူတို့ကို အဆုံးစီရင်လိုက်ဖို့ပဲ။ သူတို့ အနာတရဖြစ်မှ ငါတို့စစ်တပ်ရဲ့ အင်အားကြီးမားမှု၊ တန်ခိုးအာဏာရှိမှုတွေပို ထင်ရှားသိသာလာပြီး သူတို့တွေ ငါတို့ကိုကြောက်ရွံ့မယ်လေ။ ဒါကြောင့် ဒီလို သွေးထွက်သံယိုဖြစ်မှုဟာ ငြိမ်ချမ်းမှုကို ဆောင်ယူလာဖို့အတွက် လိုအပ်တယ်”
“ အခွင့်အရေးတွေ ချိုးဖောက်ပြီး အကြမ်းဖက် အပြုအမူတွေက ငြိမ်းချမ်းရေးကို ဆောင်ယူလာမယ်…ဟုတ်လား? ကျွန်တော် မေးချင်တယ်ဗျာ။ ဒီအပြုအမူ လုပ်ရပ်တွေက ဆင်းရဲဒုက္ခ၊ အမုန်းတရား၊ ကြောက်ရွံ့မှု နဲ့ လက်စားချေခြင်းဆိုတဲ့ သစ်စေ့တွေကို စိုက်ပျိုးလိုက်သလိုပဲ။ ဘာသာဝင်အမျိုးမျိုးရဲ့ တရားဟောသဘောတွေကို မလေးမစားပြုမူလိုက်သလိုပါပဲလို့ ကျွန်တော်ထင်တယ်ဗျာ”
ခေါင်းဆောင်ကြီးက ဘာမှပြန်မဖြေပဲ တုံဏှိဘာဝေနဲ့လုပ်နေတယ်။ နောက်တော့ အသံနက်ကြီးနဲ့ “ အေး…မင်းဒါတွေကို မလုပ်ချင်ရင်ရတယ်။ တကယ်ပဲ ငြိမ်ချမ်းမှုလိုလားတဲ့ တစ်ခြားလူတွေကို ငါခိုင်းလိုက်ရုံပဲလေ..ငါထင်ပါတယ် သူတို့တွေ အသက်စွန့်လုပ်ဆောင်ဖို့အတွက် အဆင်သင့်ပဲလို့”
စစ်သားလေးက ပြန်ပြောတယ် “ စစ်မှန်တဲ့ ငြိမ်းချမ်းမှုကို တကယ်လိုချင်တယ်ဆိုရင် ငြိမ်းချမ်းစွာ ဆောင်ရွက်လို့ရတဲ့ နည်းတွေ အများကြီးရှိတာပါပဲ။ လူတွေကျွန်တော့ကို ထင်မြင်ယူဆ သတ်မှတ်ထားတာက ရဲစွမ်းသတ္တိနဲ့ ပြည့်စုံတယ်တဲ့ လူတစ်ယောက်ပါ။ ဒါတွေကလဲ အရေးကိစ္စကြုံလာတိုင်း ကျွန်တော့ သေနတ်ကို ဘေးမှာချလို့ မတရားခံရသူတွေကို တရားနည်းလမ်းကျအောင် ဖြေရှင်းပေးနိုင်တဲ့ နှလုံးရည်နဲ့ လူတွေကို ကူညီပံ့ပိုးတဲ့ စိတ်ဓါတ်ကြောင့်ပါ။ အမုန်းတရားတွေကို ချစ်ခြင်းမေတ္တာနဲ့ ………….. လျစ်လျူရှုခြင်းတရားကို အသိဥာဏ်ပညာနဲ့ …….. ကြောက်ရွံ့မှု ကို သစ္စာတရား နဲ့ ယုံကြည်စိတ်ချမှု တွေနဲ့ အနိုင်တိုက်မယ်။ လိုအပ်လို့ သေနတ်ကိုစွဲ တိုက်ပွဲဝင်ခဲ့ရင်တောင် ဘုရားသခင်ရဲ့ ဖန်ဆင်းမှုအပေါင်းပေါ်မှာ ရက်စက်ကြမ်းကြုတ်မိလေခြင်းဆိုတဲ့ ပူဆွေးမှုနဲ့ ယူကျုံးမရဖြစ်မိတယ်ဗျာ”
“မင်းကွာ……အဲ့ဒါ မင်းရန်သူတွေလေ” ဆိုပီး ဒေါသတစ်ကြီးနဲ့ ခေါင်းဆောင်ကြီးက အော်ဟစ်နေပါတော့တယ်။ စစ်သားလေးကလဲ “ မဟုတ်ဘူး။ သူတို့တွေက ကျွန်တော့ အတွက် တစ်အူတုံဆင်း ညီရင်းအစ်ကိုတွေလိုပါပဲဗျာ။ အားနည်းတဲ့လူ၊ ပြောခွင့်မရပဲ ဖိနှိပ်ခံလူတန်းစားတစချို့ နဲ့ ကလေးငယ်တွေအတွက် …ကုန်ကုန်ပြောမယ်ဗျာ…….လူသားအားလုံးအတွက် ကျွန်တော်တိုက်ပွဲဝင်တာပါ… အံ့သြစရာကောင်းတာ တစ်ခုရှိတယ်… ဘုရားသခင်က သွေးထွက်သံယိုမှုမပါပဲ အောင်နိုင်တဲ့ လက်နက်တစ်ချို့ ကျွန်တော်တို့ကိုပေးထားတယ်။ ပညာမဲ့ လူတန်းစားတွေအတွက် ကျွန်တော် ကျောင်းဆောင်ပြီးကူညီမယ်။ နာဖျားမကျန်းဖြစ်သူတွေကို ဆေးရုံတွေဆောက်ပေးမယ်။ ဆာလောင်မွတ်သိပ်နေသူတွေအတွက် လုံလောက်တဲ့ လယ်ယာတွေတည်ထောင်ပေးမယ်။ လက်စားချေလိုမှုဆိုတဲ့ အကြီးမားဆုံး ရန်သူကို တစ်ယောက်ကို တစ်ယောက် အပြန်အလှန်နားလည်လို့ စည်းလုံးညီညွတ်ခြင်းဆိုတဲ့ လက်နက်နဲ့ တိုက်ထုတ်မယ်ဗျာ။”
ခေါင်းဆောင်ကလဲ “ ဟ..ဟ…လုပ်လေ သူတို့က မင်းကိုတောင် ပြန်သတ်သွားဦးမယ်” လို့ပြောပြန်ရော။
ဒါနဲ့ စစ်သားလေးက “ ဟုတ်ရင်လဲဟုတ်မယ်လေ။ ဒါပေမယ့် သူတို့မိသားစု သူတို့သွေးသားတွေကိုသာ ကျွန်တော် မထိခိုက် အမှားမကျူးလွန်ဘူးဆိုရင် ကျွန်တော်နဲ့ ကျွန်တော့မိသားစုကို သူတို့ဘာလို့ အကျဉ်းအကျပ်ထဲ ထည့်မှာလဲ?”
“ မင်းက အတွေးသမားသက်သက်ပဲကွ….. ဒါပေမယ့်ကွာ မင်းလုပ်ရပ်တွေက တကယ်တမ်းတော့ ဖြစ်နိုင်ချေကို မရှိဘူး” လို့ခေါင်းဆောင်က ပြောတယ်။
စစ်သားလေးက “ ဘုရားသခင်ရဲ့ဆန္ဒက ကမ္ဘာကြီး ငြိမ်းချမ်းဖို့ဆိုတာကို ခေါင်းဆောင်ကြီး လက်ခံပါသလား?” လို့လဲမေးရာ ခေါင်းဆောင်က “ လက်ခံတယ်လေ” လို့ပြန်ပြောတယ်။စစ်သားလေးက “ ဒါဆို ဘုရားသခင်ရဲ့ ဆန္ဒတွေကရော ဖြစ်နိုင်ချေမရှိဘူးလို့ ခေါင်းဆောင်ကြီးက ဆိုလိုပါသလား? ဘုရားသခင်က ကျွန်တော်တို့ကို မျှော်လင့်ချက်အိပ်မက်တွေ ပေးတယ်။ သူ့ရဲ့ သင်ကြားမှုအောက်မှာ ချစ်တတ်တဲ့စိတ်နဲ့ လူအများကို စိတ်အာဟာရဖြည့်ပေးရမှာ ကျွန်တော်တို့ တာဝန်တွေပါ။ လူတစ်ယောက် ကိုယ့်ကို ဘယ်လိုပြုမူဆက်ဆံလဲဆိုတာ ကိုယ်က သူ့ကိုဘယ်လိုအရင် ဆက်ဆံတယ်ဆိုတဲ့ အပေါ်မှာ မူတည်ပါတယ်။ ကျပ်တည်းဆင်းရဲမှု၊ လျစ်လျူရှုခံထားရခြင်းနဲ့ ဖိနှိပ်မှု၊ အကြောက်တရား အစရှိတဲ့ ပြသနာကို ဖြေရှင်းနိုင်မယ်ဆိုရင် တစ်စစီကြဲပြန့်ပြီး မျှော်လင့်ချက်ကင်းမဲ့နေတဲ့ ဘ၀တွေကို စုစည်းပေးလိုက်နိုင်သလိုပါပဲ။ ဒါဆိုရင် သူတို့က ကျွန်တော်တို့ကို အန္ဒရာယ်ပြုလိုတဲ့ ဆန္ဒတွေဆိုတာ ဘယ်မှာလာရှိတော့မလဲ။ ဥပမာဗျာ…အရိုးရှင်းဆုံးတစ်ခု ပြောရရင် သူတို့အတွက် လိုအပ်မယ့် အလုပ်ပေးနိုင်မယ်ဆိုပါစို့။ အလုပ်လုပ်ချင်စိတ်နဲ့ တကယ်သာကြိုးစားလုပ်မယ်ဆိုရင် အနည်းဆုံး သူတို့ စားဝတ်နေရေး ပြေလည်မယ်။ သူတို့အတွက် ဖန်တီးပေးတဲ့ အခွင့်အရေးတစ်ခုကို သူတို့က တကယ်အကျိုးရှိရှိအသုံးချမယ်ဆိုရင် နှစ်ဦးနှစ်ဖက်လဲ အကျိုးရှိနိုင်တာပေါ့။”
ခေါင်းဆောင်ကြီးကလဲ ဟိန်းဟောက်တဲ့ လေသံနဲ့ “ ဒီလိုတွေလုပ်မယ်ဆိုရင် ပိုက်ဆံတွေ အများကြီး ကုန်ကျမယ်ဆိုတာ နားမလည်ဘူးလားကွ” လို့လဲပြောရော စစ်သားလေးက “ ဒါဟာကျွန်တော်တို့ လိုအပ်တဲ့ ငြိမ်းချမ်းမှုအတွက် ပေးဆပ်ရမယ့် တန်ဖိုးပဲလေ။ လောကမှာ ဘယ်အရာကိုမှ အလကားမရပါဘူး။ တကယ်လို့ ပိုက်ဆံတွေ အများကြီးနဲ့ ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းမှုကို လှဲလှယ်လိုက်နိုင်တယ်ဆိုရင်ပဲ လူသားအားလုံး လူနေမှုဘ၀သာယာဖို့ အတွက်ဖြစ်လို့ ဘာပဲဖြစ်ဖြစ် တန်ပါတယ်။ ကျွန်တော်တို့ ကလေးတွေအတွက် သာယာလှပတဲ့နေရာလေးတစ်ခုကို ဖန်ဆင်းပေးနိုင်ဖို့အတွက် ငြိမ်းချမ်းမှုဆိုတဲ့ ခေါင်းစဉ်အောက်မှာ တိုက်ပွဲဝင်ဖို့ မလုပ်နိုင်သလို၊ လုပ်ဖို့လဲ စိတ်ကူးမရှိပါဘူး။ လူသားတစ်ယောက်ရဲ့ အသက်တစ်ချောင်းအတွက် ငွေတန်ဖိုးဘယ်လောက်ရှိလဲ? လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကရော ပိုက်ဆံနဲ့ တန်ဖိုးဖြတ်မယ်ဆိုရင် ဘယ်လောက်တန်ပါသလဲ? ကမ္ဘာကြီးကို ချစ်မြတ်နိုးတဲ့စိတ်၊ ငြိမ်ချမ်းစေချင်တဲ့စိတ်ကရော ဘယ်လောက်တန်ဖိုးရှိပါသလဲ?ဆိုတာ ခေါင်းဆောင်ကြီးကနေ ပြောပြပေးစေချင်ပါတယ်။” ခေါင်းဆောင်ကြီးမှာ ဖြေစရာစကားမရှိပါဘူး။ သူတစ်ယောက်သာ အလုပ်တွေသိပ်ရှုပ်နေတယ်ဆိုတဲ့ ပုံနဲ့ “ အချိန်မရှိဘူးကွာ။ ငါ့မှာ စစ်ပွဲတွေကို ဆင်နွှဲဖို့ ပြင်ဆင်ရမယ်” လို့ဖြေတယ်။ စစ်သားလေးက ရုံးခန်းထဲကနေ ထထွက်လာတယ်။ ပြီးတော့ ကျွန်မတို့ကိုစကားတွေ လှမ်းပြောနေတယ်။ သူပြောချင်တာက “ ကျွန်တော့်အသက်နဲ့ အလောင်းအစားလုပ်ခဲ့တဲ့ ဒီစကားဝိုင်းဟာ ကျွန်တော်နဲ့တကွ ကျွန်တော့မိသားစု၊ ပြီးတော့ ကမ္ဘာအ၀ှမ်းရှိ လူသားအားလုံးအတွက် စွန့်စားခဲ့တာပါပဲ။ တကယ်လို့များ ခင်ဗျားတို့ အားလုံး ကျွန်တော်နဲ့အတူ ပါဝင်ကူညီမယ်ဆိုရင် ကမ္ဘာကြီးအတွက် လိုအပ်နေတဲ့ ငြိမ်းချမ်းမှုကို အတူတကွ ဆောင်ကျဉ်းပေးနိုင်မှာ မုချပဲဗျာ”
Sunday, November 2
တမ်းချင်း
ပေါက်ဖွားလာတဲ့ အလွမ်း။
အချစ်တစ်ခုသာ ကုန်ဆုံးသွားမယ်
အလွမ်းဆိုတာ မရပ်တန့်သွားဘူး။
အချစ်တစ်ခု အသက်ဝင်လာရင်
တိတ်ဆိတ်စွာ ကပ်ပါလာတဲ့
အလွမ်း...............ရုတ်တရက် သိခွင့်ရတာက
ငါ..............................................
အလွမ်းတွေနဲ့ မယဉ်ပါးသေးပါလား။
စက္ကန့်တိုင်း၊ မိနစ်တိုင်းက
ရင်ခုန်သံစည်းချက်နဲ့ အညီ
အလွမ်းတေးတွေများ ဆိုညည်းနေတာလား။
ရင်ကွဲ လုမတတ် အော်ခေါ်နေလဲ
လွမ်းလိုက်တာဆိုတဲ့
ခံစားချက်လေး
စကားလုံး အသွင် မကူးပြောင်းနိုင်ခဲ့ဘူး။
လွမ်းလို့ ကဗျာရေးတယ်လို့ပြောရအောင်
ကဗျာရေးတိုင်း မလွမ်းတတ်ကြပါဘူး။
ရင်နဲ့အမျှ ခံစားချက်တွေ
တွန်းတိုက်လာတဲ့အခါ
အလွမ်းဒဏ်နဲ့
ရင်ဘတ်ထဲမှာ
အလွမ်းတွေ ပဋိပက္ခဖြစ်နေကြတယ်။
မျက်ဝန်းတစ်စုံ
တိုးတိတ်စွာ ငေးမောလို့
မျက်ဝန်းတစ်စုံ
မျှော်လင့်ခြင်းအရောင်ယှက်သန်းလို့
နှလုံးသားမှ အလွမ်းတွန်းအားနဲ့
မျက်ဝန်းမှ ပုလဲခနေပြီ သခင်။
Monday, October 27
ဖတ်မိတာလေးတွေ
- "ဘ၀ကို မကျေနပ်တဲ့လူတွေ ကံကို ပုံချတယ်။ ကံကို မကျေနပ်တဲ့လူတွေ ဘ၀ကို ပုံချတယ်။"
- "ကိုယ့်နေရာမှာ ကိုယ်နေချင်တဲ့ လူထက် သူများနေရာမှာ နေချင်တဲ့လူ အမြဲတမ်း ပိုများတယ်။"
- "လုပ်မိတဲ့ အမှားတွေရဲ့ အရေအတွက်က အရည်အသွေး အဖြစ်ကို ပြောင်းလာရင် အဲ့ဒါ ဘ၀အတွေ့အကြုံပဲ။ "
- "အချစ်ဟာ တယ်လီစကုပ်နဲ့ ကြည့်တယ်။ မနာလိုစိတ်က မိုက်ကရိုစကုပ်နဲ့ ကြည့်တယ်။"
- "ကြင်နာမှု ဆိုတာ နားထိုင်းသူ ကြားရပြီး မျက်စိကန်းသူ မြင်နိုင်တဲ့ အရာ။"
- "ကိုယ်မှားတဲ့အခါ မှားကြောင်း ၀န်ခံရင် အဲ့ဒီလူဟာ ပညာရှိ...အဲ....မှန်နေပေမယ့် မှားကြောင်းဝန်ခံနေရင်တော့ အဲ့ဒီလူဟာ မိန်းမရှိတဲ့ လူဖြစ်ရမယ်။ :)"
- "အထက်လူကြီးကို သူနဲ့ ပတ်သက်ပြီး ခင်ဗျား စိတ်ထဲရှိတာ မှန်သမျှ ပြောရဲတယ်ဆိုရင် အလုပ်သစ်တစ်ခုကို ခင်ဗျားရှာတွေ့ထားလို့ပဲဖြစ်ရမယ်"( ခေးရော့စ်တော့ ရှာမတွေ့ပဲ ပြောနေတယ်။ အလုပ်ပြုတ်မယ့်ကိန်းမြင်ရင် အလုပ်သစ်လေးများ မစကြပါဦးနော့။ :) )
- "သေတဲ့ အထိချစ်မယ်လို့ ကတိပေးထားရင် စောမသေသင့်ပါဘူး။"
- "အားလုံးကို နားလည်သွားတဲ့လူ ဘာကိုမှ မယုံတော့ဘူး။"
- "ချီးမွမ်းတာခံရတော့ နေမထိထိုင်မသာဖြစ်ရတယ်။ ချီးမွမ်းတာနဲ့ ညီအောင် နေရတာကိုး။"
- "ရေးသလိုနေ၊ နေသလိုရေး။"
- "ရှိရှိသမျှ အခွင့်အရေးတွေထဲမှာ မှားခွင့်ဟာ လက်လှမ်းအမှီဆုံးပဲ။"
- "လူရှိတယ်။ ပြသနာရှိတယ်။ လူမရှိဘူးနော်။ ပြသနာ မရှိတော့ဘူး။"
- "ငွေရှိရင် ဘာမဆို လုပ်လို့ရတယ်လို့ ယူဆတဲ့လူတွေ ငွေအတွက်ဆိုရင် ဘာမဆိုလုပ်ဖို့ ၀န်မလေးတဲ့သူ ဖြစ်နေတယ်။"
- "ချစ်မိပြီဆိုရင် ဘာကိုမှ မစဉ်းစားတော့ဘူး။ စဉ်းစားလာပြီဆိုရင် မချစ်တော့ဘူး။"
Friday, October 24
ပိုင်လိုက်တဲ့ အကြံ
တစ်ခါက ကောင်လေး တစ်ယောက်က ကောင်မလေး တစ်ယောက်နဲ့ ချစ်ကျွမ်းဝင်မိပါတယ်။ ခက်တာက ကောင်မလေး အဖေက လူကြီးတို့သဘာဝ လုံးဝကို သဘောမတူဘူးပေါ့။ ဒါနဲ့ ကောင်လေးက ကောင်မလေးဆီကို စာတစ်စောင်ပို့လိုက်တယ်။ ကောင်မလေး အဖေကနေတစ်ဆင့်ပေါ့။ ဘယ်လိုစာမျိုး ပို့လိုက်တယ် ဆိုတာ သိချင်ပါသလား။ ဟုတ်ကဲ့ အောက်က စာလေးဖတ်ကြည့်လိုက်နော်။
"The great love that I have for you
is gone, and I find my dislike for you
grows every day. When I see you,
I do not even like your face,
the one thing that I want to do is to
look at other girls. I never wanted to
marry you. Our last, conversation
was very boring and has not
made me look forward to seeing you again.
You think only of yourself.
If we were married, I know that I would find
life very difficult, and I would have no
pleasure in living with you. I have a heart
to give, but it is not sth that
I want to give to you. No one is more
foolish and selfish than you, and you are not
able to care for me and help me.
I sincerely want you to understand that
I speak the truth. You will do me a favor
if you think this is the end. Do not try
to answer this. Your letters are full of
things that do not interest me. You have no
true love for me. Good-bye! Believe me,
I do not care for you. Please do not think that
I am still your boyfriend."
စာလဲဖတ်ပြီးရော အဖေက သမီးကို ပေးလိုက်တယ်။ ကောင်မလေးက တအားပျော်သွားလေရဲ့။ ဘာဖြစ်လို့ပါလိမ့်လို့ စဉ်းစားနေပြီဟုတ်။ အခုဒီစာကို ဖတ်ပြီးတဲ့ လူတွေထင်နေတာက ကောင်လေးက ကောင်မလေးအပေါ်ရက်စက်သွားပြီပေါ့။ အဲ့လို ထင်ရင် လွဲပါတယ်။ တက်တက်စင်အောင်လွဲပါတယ်။ ဘာလို့လဲသိလား။ ကောင်လေးက ဥာဏ်တအားကောင်းပ။ အခု အပေါ်ကစာကို သေချာပြန်ဖတ်ကြည့်နော်။ ဒီတစ်ကြိမ်ဖတ်တဲ့အခါကျရင် ပထမဆုံးတစ်ကြောင်းက စဖတ်။ ပြီးရင် တစ်ကြောင်းစီကျော်ဖတ်ကြည့်။ ကောင်မလေး ဘာလို့ပျော်သွားလဲ သိလာလိမ့်မယ်။ :P
ကဲကဲ အိမ်က သဘောမတူလို့ စာတွေပေးမယ်ဆိုရင် ကောင်လေးလို ဥာဏ်ကိုလွှာသုံးပြီး မိဘတွေကို မျက်လှည့်ပြလိုက်ရအောင်။ အောင်မလေးနော်။ အဖေများ ဒီစာကို မြင်ရင် သမီးမိုက် နင်တော့လား။ ဒီလိုဥာဏ်နီ၊ ဥာဏ်နက်၊ ဥာဏ်ဝါ၊ ဥာဏ်စိမ်းတွေ အကုန်ထွက်တယ်ဆိုပြီး ကြိမ်းမောင်းနေမှာ မြင်ယောင်သေး။ တိတ်တိတ်နေနော်။ ခေးရော့စ်က အချစ်ကဗျာတွေ။ အလွမ်းစာတွေ ခံစားပြီးသာ ရေးနေတာ။ ဖေဖေက သိသေးဝူး။ တိုင်ပြောနဲ့နော်။ ကျေးဇူးဆပ်မယ်။ အဟတ်
ခေးရော့စ်
Wednesday, October 15
အင်္ဂလိပ်စာ လေ့လာလိုသူများအတွက်
စိတ်ဝင်စားသူအားလုံး ဒီ လင့်လေးကို နှိပ်ပြီး သွားရောက်ဖတ်ရှု၊ ဝေဖန် အကြံပြုနိုင်ပါတယ်။
Thursday, October 9
ဘာရယ်မဟုတ်............
ခေးရော့စ်
Saturday, September 20
အိပ်စက်ခြင်းဟုဆိုရာဝယ်.........
အကောင်းဆုံး အိပ်စက်ခြင်းကတော့ တစ်ညလုံး ဆက်တိုက် ဘာအနှောင့်အယှက်မှ မရှိဘဲ အိပ်စက်နိုင်ခြင်းကို ခေါ်ပါတယ်။ တကယ်လို့များ အိပ်ချိန်က ပြတ်တောင်း ပြတ်တောင်းဖြစ်နေမယ်ဆိုရင် ခန္ဓာကိုယ်ရဲ့ အောက်ပါ တာဝန်ရပ်များကို ပြီးမြောက်အောင် မစွမ်းဆောင်နိုင် တော့ပါ။
- ကြွက်သားများကို ပြုပြင်ပေးခြင်း။
- ဦးနှောက်မှ မှတ်ဉာဏ်အဖြစ် သိုလှောင်ပေးခြင်း။
- ကြီးထွားရန်နှင့် အစာစားချင်စိတ်ကို ဖြစ်ပေါ်စေသော ဟော်မုန်းများကို ထုတ်လွှတ်ပေးခြင်း။
အိပ်စက်ခြင်းနဲ့ပါတ်သက်လို့ ကျွမ်းကျင်သူများရဲ့ ပြောပြချက်အရ အရွယ်ရောက်ပြီးတဲ့ လူတစ်ယောက်က တစ်နေ့ကိုအိပ်ချိန် ၇နာရီ ကနေ ၉နာရီကြားရှိရမယ်လို့ဆိုထားပါတယ်။ ဒါပေမယ့် တစ်ချို့သောသူတွေက အိပ်ချိန်နည်းပေမယ့် တစ်နေ့တာ လုပ်ငန်းဆောင်တာတွေကို ကောင်းစွာ ဆောင်ရွက်နိုင်ပြီး တစ်ချို့လူတွေက အိပ်ချိန်ပိုရရှိမှသာ တစ်နေ့တာ လည်ပတ်ဖို့ အားအင်ပြည့်ဝကြပါတယ်။
The National Sleep Foundation (NSF) ရဲ့မှတ်တမ်းများအရ လူတစ်ယောက်ရဲ့ အိပ်ချိန်က သူ့အသက်အရွယ် အပိုင်းအခြားအလိုက် ကွဲပြားသွားတယ်လို့ သိရပါတယ်။ မွေးကင်းစကလေးငယ်လေးများ ကတော့ အိပ်ချိန်တော်တော်များများ လိုအပ်တယ်။ ဒါတင်မကဘူး….၂၄နာရီပတ်လုံးမှာ ဖြစ်နိုင်ရင် ခဏခဏ သိပ်ပေးတာ ကလေးလေးတွေအတွက် ပိုသင့်လျော်ပါတယ်။ အသက် (၅)နှစ် အရွယ်လောက်ထိကို အခုလိုမျိုး နေ့ခင်းဘက် တစ်ရေးတစ်မော အိပ်စက်ခိုင်းခြင်းက ကလေးများအတွက် များစွာသင့်လျော်ပါတယ်။ အသက်အရွယ် ကြီးပြင်းလာတာနဲ့ အမျှ မှေးစက်ဖို့ လိုအပ်ချိန်တွေ တစ်ဖြည်းဖြည်း ကွာဟလာပါတယ်။
အိပ်ချိန် လုံလောက်စွာမရရှိခဲ့ရင် ဘာတွေဖြစ်နိုင်မလဲဆိုတဲ့ မေးခွန်းတွေ ရှိလာနိုင်တယ်။
- စိတ်ထဲမှာ မရိုးမရွဖြစ်ခြင်း
- စိတ်ဂဏှာမငြိမ်ဖြစ်ခြင်း
- မောပန်းနွမ်းလျခြင်း
- စိတ်သွားတိုင်း ကိုယ်မပါဖြစ်ခြင်း
- စိတ်မကြည်ခြင်း
- အမြင်အာရုံ၊ အကြားအာရုံ စတဲ့ အာရုံခံစားမှုအပိုင်းနဲ့ ကြွက်သားလှုပ်ရှားမှု အပိုင်းတွေမှာ နှေးကွေးမှုတွေကို ဖြစ်ပေါ်စေပါတယ်။
တကယ်တမ်းတော့ လုံလောက်စွာ အိပ်စက်နိုင်ခြင်းက လူတိုင်း အတွက် လိုအပ်သလို၊ အရေးလဲ ကြီးပါတယ်။ နေ့စဉ်ပုံမှန် ဆိုသလို လုံလောက်စွာ မအိပ်စက်နိုင်သူများအတွက် ဘ၀ရဲ့ ပျော်ရွှင်မှုအပိုင်းမှာ ထိခိုက်နစ်နာမှုတွေ ကြုံတွေ့လာနိုင်ပါတယ်။ အာဟာရပြည့်ဝတဲ့ အစားအစာ စားသောက်ခြင်းနဲ့ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် နှစ်ခြိုက်စွာ အိပ်စက်ခြင်းသို့ ရောက်ရှိအောင် ကြိုးစားကြည့်သင့်ပါတယ်။
အိပ်စက်ခြင်း အကြောင်းကိုသာ ခေါင်းစဉ်တွေတပ်ပြီး ရေးနေတာ။ တကယ်တော့ ကျွန်မအတွက် တစ်နေ့တာ အိပ်ချိန်တွေကို လုံလောက်စွာ မရရှိပါဘူး။ ညညတွေဆို အိပ်မပျော်တတ်ဘူး။ လူများတွေက ပြောတယ်။ အိပ်မပျော်ရင် စာဖတ်လိုက်။ စာဖတ်ရင်းနဲ့ ငိုက်ပြီး အိပ်ပျော်သွားရောတဲ့။ ကျွန်မအတွက်ကတော့ အဲ့ဒီ method က အသုံးမ၀င်ဘူး ဖြစ်နေတယ်။ အိပ်မပျော်လို့ စာအုပ်တစ်အုပ် ကောက်ဖတ်လိုက်တာနဲ့ အိပ်ချင်စိတ်တွေ ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်ပါလေရော။ ဒါနဲ့ပဲ ဘလော့မှာ ကဗျာတွေလည်း ကျဲလာရော။ မဆိုင်ဘူးလားဆို ဆိုင်တော့မဆိုင်ပါဘူး။ နဲနဲလေးတော့ဆိုင်တယ်။ ဘာလို့လဲဆို ကဗျာဆိုတာ ရေးချင်းတိုင်း ရေးလို့ရတာ မဟုတ်ဘူး။ ကျွန်မအတွက် ပြောတာပါ။ အထူးသဖြင့် ညမိုးချုပ်ချိန်တွေဆို တွေးငေးပြီး ကဗျာထိုင်စပ်ရတာကို ၀ါသနာ အလွန်ပါပါတယ်။ ဒါနဲ့ပဲ အိပ်ပျက်ညပေါင်းလဲ မနည်းတော့ပါဘူး။ အခုနောက်ပိုင်း ကျန်းမာရေး အခြေအနေကြောင့် ညကို စောစောအိပ်ဖြစ်ပါတယ်။ ကဗျာတွေ ခေါင်းထဲ တိုးဝင်လာလဲ ဇွတ်ကြိတ်မှိတ်ပြီးကို အိပ်ပျော်အောင်အိပ်ရတယ်။ တစ်ခါတစ်ခါ ညဘက်တွေ အိပ်ဆေး သောက်အိပ်မှ အိပ်ပျော်တယ်။ ညရောက်မှာကို ကြောက်တတ်လာတယ်။ အိပ်မပျော်တဲ့ ညတွေကို အမြန်ဆုံး အဆုံးသတ်ချင်နေပြီ။ အခုတော့ လေ့ကျင့်ခန်း ပုံမှန်လုပ်လို့ အိပ်ပျော်စ ပြုလာပါပြီ။ ဒီ topic လေးကလဲ ကျွန်မလို အိပ်မပျော်တဲ့ လူတွေအတွက်များ အသုံးဝင်မလားဆိုပြီး ဘာသာပြန်တင်လိုက်တာပါ။ တစ်ချို့ကပြောတယ် အိပ်ပျော်အောင် အိပ်လိုက်လေတဲ့။ အဲ့လောက်တောင် လွယ်ကူနေမှတော့ အိပ်မပျော်တဲ့ ရောဂါဆိုတာတောင် ရှိလာမှာ မဟုတ်တော့ဘူး။ အအိပ်ကောင်းသူများ၊ အိပ်ပျော်လွယ်သူများ အားလုံးကို မနာလိုဘူး။ :(
Sunday, September 14
သေခါနီး ဆယ်ရက်အလို chaos ၏ ကယောင်ကတမ်း ဖွင့်ဟချက်များ
သေရမယ်ဆိုတာကို မေ့ချင်ယောင်ဆောင်နေခဲ့တယ်။
မနက်ဖြန်များစွာကို
လက်ချိုးရေတွက်လို့ ပေါ့ပါးနေတာပဲ။
……………………………………
………………………………………….
……………………………………………………
…………………………………………………………….
ခဏလောက်ဖြစ်ဖြစ်ပါ။
ဟင့်အင်း……
လာမခေါ်နဲ့ဦး
အဆင်သင့်မဖြစ်သေးဘူး။
ဘယ်ချိန်မှ ဖြစ်မယ်ဆိုတာ မမေးနဲ့
ငါ…ဖြေစရာ စကားမရှိဘူး။
ဆယ်ရက်တဲ့ ……
နည်းလိုက်တာ။
နေ့စွဲတွေက တွန်းတိုက်လို့
နေ့သစ်ကို ကူးပြောင်းဖို့ အားယူနေတယ်။
နာရီတွေကလဲ
တစ်ချက်ချက်နဲ့
အချိန်မှန်လည်ပတ်ရင်း
အောင်နိုင်သူတစ်ဦးရဲ့
အပြုံးမျက်နှာနဲ့
ငါ့ကို လှောင်ရယ်နေကြတယ်။
ဒီလိုနဲ့ ဘာလုပ်ရင်ကောင်းမလဲ။
ဘာဆက်လုပ်ရမလဲ ?
တွေးရင်း….ရက်တွေကုန်လွန်ကုန်ပြီ။
အချိန်သိပ်မရှိတော့ဘူး။
ပထမဆုံး သတိရမိတာက ဘုရားသခင်ကိုပေါ့။
ဟုတ်တယ်……
ငါ…ဘုရားရှိခိုးရင်းနဲ့ တရားရိပ်မှာ အေးချမ်းမှုကိုရှာရမယ်။
သံယောဇဉ် အပူမီးတွေနဲ့ လောင်မြှိုက်နေလို့ အသိဥာဏ်တွေ ချိနဲ့ကုန်တာ။
သေစမ်း…. ဟင့်အင်း….
ဘာလို့ ဒီအချိန်မှာမှ ဒီဝေါဟာရကြီးက ငါ့အတွက် ခါးသီးနေတာလဲ။
မပြောနဲ့ အဲ့ဒီ သေစကားတွေ။
ဟား…….နောက်ဆုံးချိန်ထိ ငါ တရားမရသေးဘူးပဲ။
မကြည့်နဲ့
အဲ့လိုမျက်လုံးတွေနဲ့
သနားစရာမလိုဘူးလေ။
ဒီလမ်းဟာ အားလုံးအတွက်
ဖောက်ထားတာ။
တစ်နေ့ကျရင်
ပုံစံမျိုးစုံနဲ့ မတူညီနဲ့နေရာစုံက
အတူတူ လျှောက်ရမှာပဲ။
မျက်ခွံတွေလေးလာပြီ။
အင်း………..
ငါ မလိုချင်တဲ့ အချိန်တစ်ခု
အရှေ့မှာ ငုတ်တုတ်ရောက်နေပြီ။
သွားရတော့မယ်။
မျက်စိဖွင့်မရတော့ဘူး။
မငိုနဲ့လေ။
မငိုနဲ့……
ငါနောက်ဆံမတင်းချင်ဘူး။
အသံတွေ မကြားရတော့ပါလား…..
အိုး………….
ငါကိုယ်တိုင်ရဲ့
ငါ့ရုပ်ကလာပ် ရှေ့မှာ လှဲလျောင်းနေပါလား…
ဒါဆို…ငါ………
Tuesday, September 9
ခေးရော့စ်ဆိုတာ #$%*@#$
ကိုယ့်ရဲ့အကြိုက်ဆုံးတွေက-
အရောင်ဆိုရင် ---------- အဖြူ၊ အနီ၊ အနက်
အစားအစာဆိုရင် ---------- ကြက်ကောင်လုံးကြော်၊ ခေါက်ဆွဲပြုတ်၊ ထမင်းပေါင်း ဆက်ပြောရင် မကုန်တော့ဘူး။
ပစ္စည်းဆိုရင် ---------- ဖတ်လို့ကောင်းတဲ့ စာအုပ်။
သီချင်းဆိုရင် ---------- ဆူဆူညံညံတွေ နားထောင်တော့ လူများတွေက နားငြီးတယ်တဲ့။
စာရေးဆရာ ---------- တော်တော်များများကိုကြိုက်တယ်။
စာအုပ် ----------- တော်တော်များများဖတ်ဖြစ်တယ်။
ကိုယ့်ရဲ့ အလေးစားဆုံးသူက ---------- My Parents, My teacher နဲ့ ကျွန်မကို မမွေးခဲ့သော အားလုံးက လေးလေးစားစားခေါ်သော ကျွန်မတို့ရဲ့ အမေ၊ ပြီးတော့ My quarter half :P
ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက ---------- အစ်မ၊ ညီမလေးနဲ့ ကျွန်မကို နားလည်ပေးသော သူငယ်ချင်းများ
ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက ---------- ကျွန်မရဲ့ “သူ”
အပျော်ဆုံးအချိန် ---------- နှစ်ယောက်အတူရှိချိန်။
အမှတ်တရနေ့ ---------- January 13, February 16 and 27
ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်တောင်းမဲ့ဆု ---------- သူ အမြဲကျန်းမာပျော်ရွှင်ပါစေလို့……
ဘ၀ဆိုတာ ---------- Life is life but always full of ups and downs. ဘ၀အကြောင်းကို ဒီလို ကဗျာလေးရေးဖူးတယ်။
သူငယ်ချင်းဆိုတာ ---------- ပွင့်ပွင့်လင်းလင်းနဲ့ ကိုယ့်အပေါ်မှာ အမြဲပြောဆိုဆုံးမတယ်။ နားလည်တယ်။
ချစ်သူဆိုတာ ---------- အရိပ်တစ်ကြည့်ကြည့်နဲ့ လိုအပ်ချက်မှန်သမျှကို အမြဲဖြည့်ဆည်းပေးတဲ့သူ၊ နားလည်မှု၊ မေတ္တာ နဲ့ သစ္စာတရားကို စွဲမြဲထားပြီး မြတ်မြတ်နိုးနိုးချစ်နေတဲ့သူ၊ ချစ်မိတဲ့သူ။
ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က ---------- Do unto others as you would have others do unto you
အပြောချင်ဆုံးစကားတစ်ခွန်း ---------- Whether you do right or wrong there may be at least one person to put the blame on you. It’s good to do your best regardless of people’s criticism.
Wednesday, August 27
နှုတ်ဆက်သူ
အညစ်အကြေးတွေဖုံးလွှမ်း
မလန်းမဆန်းနဲ့ပါလား..
ဒေါသ
မောဟ
သောက
မာန
ရာဂနဲ့ ပနံမသင့်ကြတော့
စိတ်ဓါတ်တွေ ညစ်ညမ်း။
မေတ္တာ
သစ္စာနဲ့
အနစ်နာ
လူတွေ အပြစ်ရှာနေတဲ့
ဒီလောက ကမ္ဘာ။
မပါတ်သက်ချင်တော့ဘူး..
ထွက်ခွာပါရစေတော့
ဖျောင်းဖျလို့မှမရ
နားချလို့မှ မကျတဲ့
အပူမီးတွေ…
အတွေးအခေါ်
အယူအဆ
ပညတ်ချက်များ
ဘာသာတရားရဲ့ အဆုံးအမများ
ငါ…ရုန်းရင်းဆန်ခတ် ပြုတ်ကျသွား
မတူညီမှု အရောင်စုံနဲ့
မျက်လုံးထဲက မီးတောက်များ
အစွန်းရောက် ကမ်းပါးနားမှာ
ခိုနားလေသလား….
တစ်ရစ်သထက်တစ်ရစ်
တိုးလို့လာတဲ့ သံယောဇဉ်ကြိုး
ကံကြမ္မာ ခြေခံထိုးတဲ့
ဒီအမုန်မျိုး
ထာဝရ နှုတ်ဆက်လို့
ငါ တစ်ရွေ့ရွေ့…………
