ဤဘလော့တွင် ရေးသားထားသော စာတစ်ပုဒ်ကို ဖြစ်စေ၊ စာတစ်ပိုဒ်ကို ဖြစ်စေ၊ စာတစ်ကြောင်းကို ဖြစ်စေ စီးပွားရေးအရ မဟုတ်ဘဲ မည်သည့်နေရာတွင် မဆို ကူးယူဖော်ပြလိုပါက ပိုင်ရှင်၏ ခွင့်ပြုချက် ရယူရန် မလိုဘဲ မည်သူမဆို ကိုးကားညွှန်းဆို၍ ပြန်လည် ဖော်ပြပေးမယ်ဆိုရင် ကျေးဇူး အများကြီး တင်ပါတယ်ရှင်။

Sunday, November 16

အမေးအဖြေနဲ့ အတွေးတွေ

တစ်ခါတုန်းက အရာခပ်သိမ်းအကြွင်းမဲ့ စောင့်ကြပ်ကြည့်ရှုရတဲ့ စစ်သားလေး တစ်ယောက်ရှိတယ်။ သူဟာ သန်မာတယ်၊ ရဲရင့်တယ်၊ လွတ်လပ်မှုအတွက် တိုက်ပွဲဝင်ဖို့ အဆင်သင့်ဖြစ်နေသလို လူသားတွေရဲ့ လူ့အခွင့်အရေးအတွက်လဲ သူ့မှာတာဝန်သိစိတ် အပြည့်ရှိတယ်။

တစ်နေ့မှာ ခေါင်းဆောင်က “ တကယ်လို့များ မင်းတစ်ခြားလူသားတွေကို သတ်ပစ်နိုင်ရင် ဒါမှမဟုတ် လူတွေကို အနာတရဖြစ်အောင်သာ လုပ်နိုင်မယ်ဆိုရင် မင်းရဲ့လုပ်ရပ်အတွက် ဆုတံဆိပ်တွေ အမြောက်အများ ချီးမြှင့်ခံရမှာဖြစ်သလို အဆုံးမဲ့ အောင်မြင်မှု၊ ကျော်ကြားမှု တစ်ခုကိုပိုင်ဆိုင်ရစေမယ်။ ဒီလိုအမိန့်ပေး ခိုင်းစေတာလဲ တစ်ခြားတော့ မဟုတ်ပါဘူး။ လူသားတွေကိုကယ်တင်ဖို့ပါ။” လို့ပြောလိုက်တယ်။

“ ကျွန်ုပ်က ကရုဏာ ရှေ့ရှုတဲ့ လူတစ်ယောက်ပါ” စစ်သားလေးကဆက်ပြောတယ် “ သတ်ဖြတ်မှုနဲ့ လူတွေကို နာကျင်အောင်လုပ်တာက တကယ်ပဲ ကမ္ဘာကြီးကို ငြိမ်းချမ်းမှုဆောင်ယူလာနိုင်တယ်ဆိုတာ ဟုတ်ပါသလား?”

ဒါနဲ့ ခေါင်းဆောင်က ဖြေတယ် “ယုတ်ညံ့တဲ့၊ စိတ်ဓါတ်မကောင်းတဲ့ လူတွေကို သုတ်သင်ဖို့အတွက် တစ်ခုတည်းသော နည်းလမ်းက သူတို့ကို အဆုံးစီရင်လိုက်ဖို့ပဲ။ သူတို့ အနာတရဖြစ်မှ ငါတို့စစ်တပ်ရဲ့ အင်အားကြီးမားမှု၊ တန်ခိုးအာဏာရှိမှုတွေပို ထင်ရှားသိသာလာပြီး သူတို့တွေ ငါတို့ကိုကြောက်ရွံ့မယ်လေ။ ဒါကြောင့် ဒီလို သွေးထွက်သံယိုဖြစ်မှုဟာ ငြိမ်ချမ်းမှုကို ဆောင်ယူလာဖို့အတွက် လိုအပ်တယ်”

“ အခွင့်အရေးတွေ ချိုးဖောက်ပြီး အကြမ်းဖက် အပြုအမူတွေက ငြိမ်းချမ်းရေးကို ဆောင်ယူလာမယ်…ဟုတ်လား? ကျွန်တော် မေးချင်တယ်ဗျာ။ ဒီအပြုအမူ လုပ်ရပ်တွေက ဆင်းရဲဒုက္ခ၊ အမုန်းတရား၊ ကြောက်ရွံ့မှု နဲ့ လက်စားချေခြင်းဆိုတဲ့ သစ်စေ့တွေကို စိုက်ပျိုးလိုက်သလိုပဲ။ ဘာသာဝင်အမျိုးမျိုးရဲ့ တရားဟောသဘောတွေကို မလေးမစားပြုမူလိုက်သလိုပါပဲလို့ ကျွန်တော်ထင်တယ်ဗျာ”

ခေါင်းဆောင်ကြီးက ဘာမှပြန်မဖြေပဲ တုံဏှိဘာဝေနဲ့လုပ်နေတယ်။ နောက်တော့ အသံနက်ကြီးနဲ့ “ အေး…မင်းဒါတွေကို မလုပ်ချင်ရင်ရတယ်။ တကယ်ပဲ ငြိမ်ချမ်းမှုလိုလားတဲ့ တစ်ခြားလူတွေကို ငါခိုင်းလိုက်ရုံပဲလေ..ငါထင်ပါတယ် သူတို့တွေ အသက်စွန့်လုပ်ဆောင်ဖို့အတွက် အဆင်သင့်ပဲလို့”
စစ်သားလေးက ပြန်ပြောတယ် “ စစ်မှန်တဲ့ ငြိမ်းချမ်းမှုကို တကယ်လိုချင်တယ်ဆိုရင် ငြိမ်းချမ်းစွာ ဆောင်ရွက်လို့ရတဲ့ နည်းတွေ အများကြီးရှိတာပါပဲ။ လူတွေကျွန်တော့ကို ထင်မြင်ယူဆ သတ်မှတ်ထားတာက ရဲစွမ်းသတ္တိနဲ့ ပြည့်စုံတယ်တဲ့ လူတစ်ယောက်ပါ။ ဒါတွေကလဲ အရေးကိစ္စကြုံလာတိုင်း ကျွန်တော့ သေနတ်ကို ဘေးမှာချလို့ မတရားခံရသူတွေကို တရားနည်းလမ်းကျအောင် ဖြေရှင်းပေးနိုင်တဲ့ နှလုံးရည်နဲ့ လူတွေကို ကူညီပံ့ပိုးတဲ့ စိတ်ဓါတ်ကြောင့်ပါ။ အမုန်းတရားတွေကို ချစ်ခြင်းမေတ္တာနဲ့ ………….. လျစ်လျူရှုခြင်းတရားကို အသိဥာဏ်ပညာနဲ့ …….. ကြောက်ရွံ့မှု ကို သစ္စာတရား နဲ့ ယုံကြည်စိတ်ချမှု တွေနဲ့ အနိုင်တိုက်မယ်။ လိုအပ်လို့ သေနတ်ကိုစွဲ တိုက်ပွဲဝင်ခဲ့ရင်တောင် ဘုရားသခင်ရဲ့ ဖန်ဆင်းမှုအပေါင်းပေါ်မှာ ရက်စက်ကြမ်းကြုတ်မိလေခြင်းဆိုတဲ့ ပူဆွေးမှုနဲ့ ယူကျုံးမရဖြစ်မိတယ်ဗျာ”

“မင်းကွာ……အဲ့ဒါ မင်းရန်သူတွေလေ” ဆိုပီး ဒေါသတစ်ကြီးနဲ့ ခေါင်းဆောင်ကြီးက အော်ဟစ်နေပါတော့တယ်။ စစ်သားလေးကလဲ “ မဟုတ်ဘူး။ သူတို့တွေက ကျွန်တော့ အတွက် တစ်အူတုံဆင်း ညီရင်းအစ်ကိုတွေလိုပါပဲဗျာ။ အားနည်းတဲ့လူ၊ ပြောခွင့်မရပဲ ဖိနှိပ်ခံလူတန်းစားတစချို့ နဲ့ ကလေးငယ်တွေအတွက် …ကုန်ကုန်ပြောမယ်ဗျာ…….လူသားအားလုံးအတွက် ကျွန်တော်တိုက်ပွဲဝင်တာပါ… အံ့သြစရာကောင်းတာ တစ်ခုရှိတယ်… ဘုရားသခင်က သွေးထွက်သံယိုမှုမပါပဲ အောင်နိုင်တဲ့ လက်နက်တစ်ချို့ ကျွန်တော်တို့ကိုပေးထားတယ်။ ပညာမဲ့ လူတန်းစားတွေအတွက် ကျွန်တော် ကျောင်းဆောင်ပြီးကူညီမယ်။ နာဖျားမကျန်းဖြစ်သူတွေကို ဆေးရုံတွေဆောက်ပေးမယ်။ ဆာလောင်မွတ်သိပ်နေသူတွေအတွက် လုံလောက်တဲ့ လယ်ယာတွေတည်ထောင်ပေးမယ်။ လက်စားချေလိုမှုဆိုတဲ့ အကြီးမားဆုံး ရန်သူကို တစ်ယောက်ကို တစ်ယောက် အပြန်အလှန်နားလည်လို့ စည်းလုံးညီညွတ်ခြင်းဆိုတဲ့ လက်နက်နဲ့ တိုက်ထုတ်မယ်ဗျာ။”

ခေါင်းဆောင်ကလဲ “ ဟ..ဟ…လုပ်လေ သူတို့က မင်းကိုတောင် ပြန်သတ်သွားဦးမယ်” လို့ပြောပြန်ရော။
ဒါနဲ့ စစ်သားလေးက “ ဟုတ်ရင်လဲဟုတ်မယ်လေ။ ဒါပေမယ့် သူတို့မိသားစု သူတို့သွေးသားတွေကိုသာ ကျွန်တော် မထိခိုက် အမှားမကျူးလွန်ဘူးဆိုရင် ကျွန်တော်နဲ့ ကျွန်တော့မိသားစုကို သူတို့ဘာလို့ အကျဉ်းအကျပ်ထဲ ထည့်မှာလဲ?”

“ မင်းက အတွေးသမားသက်သက်ပဲကွ….. ဒါပေမယ့်ကွာ မင်းလုပ်ရပ်တွေက တကယ်တမ်းတော့ ဖြစ်နိုင်ချေကို မရှိဘူး” လို့ခေါင်းဆောင်က ပြောတယ်။

စစ်သားလေးက “ ဘုရားသခင်ရဲ့ဆန္ဒက ကမ္ဘာကြီး ငြိမ်းချမ်းဖို့ဆိုတာကို ခေါင်းဆောင်ကြီး လက်ခံပါသလား?” လို့လဲမေးရာ ခေါင်းဆောင်က “ လက်ခံတယ်လေ” လို့ပြန်ပြောတယ်။စစ်သားလေးက “ ဒါဆို ဘုရားသခင်ရဲ့ ဆန္ဒတွေကရော ဖြစ်နိုင်ချေမရှိဘူးလို့ ခေါင်းဆောင်ကြီးက ဆိုလိုပါသလား? ဘုရားသခင်က ကျွန်တော်တို့ကို မျှော်လင့်ချက်အိပ်မက်တွေ ပေးတယ်။ သူ့ရဲ့ သင်ကြားမှုအောက်မှာ ချစ်တတ်တဲ့စိတ်နဲ့ လူအများကို စိတ်အာဟာရဖြည့်ပေးရမှာ ကျွန်တော်တို့ တာဝန်တွေပါ။ လူတစ်ယောက် ကိုယ့်ကို ဘယ်လိုပြုမူဆက်ဆံလဲဆိုတာ ကိုယ်က သူ့ကိုဘယ်လိုအရင် ဆက်ဆံတယ်ဆိုတဲ့ အပေါ်မှာ မူတည်ပါတယ်။ ကျပ်တည်းဆင်းရဲမှု၊ လျစ်လျူရှုခံထားရခြင်းနဲ့ ဖိနှိပ်မှု၊ အကြောက်တရား အစရှိတဲ့ ပြသနာကို ဖြေရှင်းနိုင်မယ်ဆိုရင် တစ်စစီကြဲပြန့်ပြီး မျှော်လင့်ချက်ကင်းမဲ့နေတဲ့ ဘ၀တွေကို စုစည်းပေးလိုက်နိုင်သလိုပါပဲ။ ဒါဆိုရင် သူတို့က ကျွန်တော်တို့ကို အန္ဒရာယ်ပြုလိုတဲ့ ဆန္ဒတွေဆိုတာ ဘယ်မှာလာရှိတော့မလဲ။ ဥပမာဗျာ…အရိုးရှင်းဆုံးတစ်ခု ပြောရရင် သူတို့အတွက် လိုအပ်မယ့် အလုပ်ပေးနိုင်မယ်ဆိုပါစို့။ အလုပ်လုပ်ချင်စိတ်နဲ့ တကယ်သာကြိုးစားလုပ်မယ်ဆိုရင် အနည်းဆုံး သူတို့ စားဝတ်နေရေး ပြေလည်မယ်။ သူတို့အတွက် ဖန်တီးပေးတဲ့ အခွင့်အရေးတစ်ခုကို သူတို့က တကယ်အကျိုးရှိရှိအသုံးချမယ်ဆိုရင် နှစ်ဦးနှစ်ဖက်လဲ အကျိုးရှိနိုင်တာပေါ့။”

ခေါင်းဆောင်ကြီးကလဲ ဟိန်းဟောက်တဲ့ လေသံနဲ့ “ ဒီလိုတွေလုပ်မယ်ဆိုရင် ပိုက်ဆံတွေ အများကြီး ကုန်ကျမယ်ဆိုတာ နားမလည်ဘူးလားကွ” လို့လဲပြောရော စစ်သားလေးက “ ဒါဟာကျွန်တော်တို့ လိုအပ်တဲ့ ငြိမ်းချမ်းမှုအတွက် ပေးဆပ်ရမယ့် တန်ဖိုးပဲလေ။ လောကမှာ ဘယ်အရာကိုမှ အလကားမရပါဘူး။ တကယ်လို့ ပိုက်ဆံတွေ အများကြီးနဲ့ ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းမှုကို လှဲလှယ်လိုက်နိုင်တယ်ဆိုရင်ပဲ လူသားအားလုံး လူနေမှုဘ၀သာယာဖို့ အတွက်ဖြစ်လို့ ဘာပဲဖြစ်ဖြစ် တန်ပါတယ်။ ကျွန်တော်တို့ ကလေးတွေအတွက် သာယာလှပတဲ့နေရာလေးတစ်ခုကို ဖန်ဆင်းပေးနိုင်ဖို့အတွက် ငြိမ်းချမ်းမှုဆိုတဲ့ ခေါင်းစဉ်အောက်မှာ တိုက်ပွဲဝင်ဖို့ မလုပ်နိုင်သလို၊ လုပ်ဖို့လဲ စိတ်ကူးမရှိပါဘူး။ လူသားတစ်ယောက်ရဲ့ အသက်တစ်ချောင်းအတွက် ငွေတန်ဖိုးဘယ်လောက်ရှိလဲ? လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကရော ပိုက်ဆံနဲ့ တန်ဖိုးဖြတ်မယ်ဆိုရင် ဘယ်လောက်တန်ပါသလဲ? ကမ္ဘာကြီးကို ချစ်မြတ်နိုးတဲ့စိတ်၊ ငြိမ်ချမ်းစေချင်တဲ့စိတ်ကရော ဘယ်လောက်တန်ဖိုးရှိပါသလဲ?ဆိုတာ ခေါင်းဆောင်ကြီးကနေ ပြောပြပေးစေချင်ပါတယ်။” ခေါင်းဆောင်ကြီးမှာ ဖြေစရာစကားမရှိပါဘူး။ သူတစ်ယောက်သာ အလုပ်တွေသိပ်ရှုပ်နေတယ်ဆိုတဲ့ ပုံနဲ့ “ အချိန်မရှိဘူးကွာ။ ငါ့မှာ စစ်ပွဲတွေကို ဆင်နွှဲဖို့ ပြင်ဆင်ရမယ်” လို့ဖြေတယ်။ စစ်သားလေးက ရုံးခန်းထဲကနေ ထထွက်လာတယ်။ ပြီးတော့ ကျွန်မတို့ကိုစကားတွေ လှမ်းပြောနေတယ်။ သူပြောချင်တာက “ ကျွန်တော့်အသက်နဲ့ အလောင်းအစားလုပ်ခဲ့တဲ့ ဒီစကားဝိုင်းဟာ ကျွန်တော်နဲ့တကွ ကျွန်တော့မိသားစု၊ ပြီးတော့ ကမ္ဘာအ၀ှမ်းရှိ လူသားအားလုံးအတွက် စွန့်စားခဲ့တာပါပဲ။ တကယ်လို့များ ခင်ဗျားတို့ အားလုံး ကျွန်တော်နဲ့အတူ ပါဝင်ကူညီမယ်ဆိုရင် ကမ္ဘာကြီးအတွက် လိုအပ်နေတဲ့ ငြိမ်းချမ်းမှုကို အတူတကွ ဆောင်ကျဉ်းပေးနိုင်မှာ မုချပဲဗျာ”

ခေးရော့စ်

14 comments:

  1. အမုန်းတရားတွေကို ချစ်ခြင်းမေတ္တာနဲ့ ………….. လျစ်လျူရှုခြင်းတရားကို အသိဥာဏ်ပညာနဲ့ …….. ကြောက်ရွံ့မှု ကို သစ္စာတရား နဲ့ ယုံကြည်စိတ်ချမှု တွေနဲ့ အနိုင်တိုက်မယ်။ လိုအပ်လို့ သေနတ်ကိုစွဲ တိုက်ပွဲဝင်ခဲ့ရင်တောင် ဘုရားသခင်ရဲ့ ဖန်ဆင်းမှုအပေါင်းပေါ်မှာ ရက်စက်ကြမ်းကြုတ်မိလေခြင်းဆိုတဲ့ ပူဆွေးမှုနဲ့ ယူကျုံးမရဖြစ်မိတယ်ဗျာ
    ညီမလေးရေကောင်းလိုက်တဲ့အမေးအဖြေနဲ့အတွေးတွေ
    ပါဘဲ..ဒီလိုစာမျိုးတွေများများရေးပါ.
    အမြဲအားပေးနေပါတယ်...

    ReplyDelete
  2. စစ်မှန်တဲ့ ငြိမ်းချမ်းမှုကို တကယ်လိုချင်တယ်ဆိုရင် ငြိမ်းချမ်းစွာ ဆောင်ရွက်လို့ရတဲ့ နည်းတွေ အများကြီးရှိတာပါပဲ ((ဒါပေမယ့် စိတ်ရင်းမှန်ဖို့ တော့လိုတာပေါ့နော်))

    အားပေးလျက်ပါ
    http://winzaw-mdy.blogspot.com

    ReplyDelete
  3. အရမ်းကောင်းတဲ့ ပို့စ်လေးတစ်ခုပါပဲ ခေးရော့စ်ရေ…

    စစ်မှန်တဲ့ ငြိမ်းချမ်းမှုကို တကယ်လိုချင်တယ်ဆိုရင် ငြိမ်းချမ်းစွာ ဆောင်ရွက်လို့ရတဲ့ နည်းတွေ အများကြီးရှိတာပါပဲ။

    အမုန်းတရားတွေကို ချစ်ခြင်းမေတ္တာနဲ့ ………….. လျစ်လျူရှုခြင်းတရားကို အသိဥာဏ်ပညာနဲ့ …….. ကြောက်ရွံ့မှု ကို သစ္စာတရား နဲ့ ယုံကြည်စိတ်ချမှု တွေနဲ့ အနိုင်တိုက်မယ်။

    ပိုက်ဆံတွေ အများကြီးနဲ့ ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းမှုကို လှဲလှယ်လိုက်နိုင်တယ်ဆိုရင်ပဲ လူသားအားလုံး လူနေမှုဘ၀သာယာဖို့ အတွက်ဖြစ်လို့ ဘာပဲဖြစ်ဖြစ် တန်ပါတယ်။

    ပို့စ်ထဲက စစ်သားလေးရဲ့ စကားတွေကို သဘောကျတယ်။ အဲဒီစစ်သားလေးလို ငြိမ်းချမ်းမှုကို လိုလားတဲ့သူတွေ များလာတဲ့တစ်နေ့ ကမ္ဘာကြီးဟာ စစ်ပွဲတွေကင်းပြီး ငြိမ်းချမ်းသာယာလာမှာပဲနော်။ ပို့စ်ကောင်းလေးတစ်ခုကို ဖတ်ခွင့်ရတဲ့အတွက် ကျေးဇူး…။

    ReplyDelete
  4. လူတစ်ယောက် ကိုယ့်ကို ဘယ်လိုပြုမူဆက်ဆံလဲဆိုတာ ကိုယ်က သူ့ကိုဘယ်လိုအရင် ဆက်ဆံတယ်ဆိုတဲ့ အပေါ်မှာ မူတည်ပါတယ်။
    လောကမှာ ဘယ်အရာကိုမှ အလကားမရပါဘူး။

    စတဲ့ စကားလေး ပို့စ်မှာ ပါဝင်တာ ကြိုက်တယ်
    ပို့စ်လေး တစ်ခုလုံးလည်း ကောင်းတယ်
    ဆက်လက် အဆင်ပြေပါစေ

    ReplyDelete
  5. လူတစ်ယောက် ကိုယ့်ကို ဘယ်လိုပြုမူဆက်ဆံလဲဆိုတာ ကိုယ်က သူ့ကိုဘယ်လိုအရင် ဆက်ဆံတယ်ဆိုတဲ့ အပေါ်မှာ မူတည်ပါတယ်။
    လောကမှာ ဘယ်အရာကိုမှ အလကားမရပါဘူး။

    အဲစာသားလေးကို တော်တော်ကြိုက်တယ်
    ပို့စ်တစ်ခုလုံးလည်း ကောင်းတယ်
    ဆက်လက် အဆင်ပြေပါစေ

    ReplyDelete
  6. လူငယ်တစ်ယောက်ရဲ့ ဆန္ဒဆိုတာ အမြဲတမ်းလှပနေပါတယ်ဗျာ..
    ကမ္ဘာကြီးကိုချစ်တယ် လူသားကိုချစ်တယ်..
    အကြမ်းဖက်ဖြေရှင်းမှ ငြိမ်းချမ်းရေးရမယ်ဆိုတဲ့
    ပဒေသရာဇ်အယူကြီးက ဘယ်တော့မှ ကမ္ဘာပေါ်မှာပျောက်သွားမှာလဲ
    လို့ ကျွန်တော်မမှန်းတတ်ပါဘူး......

    ReplyDelete
  7. အမုန်းတရားတွေကို ချစ်ခြင်းမေတ္တာနဲ့ ………….. လျစ်လျူရှုခြင်းတရားကို အသိဥာဏ်ပညာနဲ့ …….. ကြောက်ရွံ့မှု ကို သစ္စာတရား နဲ့ ယုံကြည်စိတ်ချမှု တွေနဲ့ အနိုင်တိုက်မယ်။ ဆိုတာလေးကို သဘောကျတယ်။
    တန်ဖိုးရှိတဲ့ ပို့ စ်လေးအတွက် ကျေးဇူးပါ ခေးရော့်။

    ReplyDelete
  8. ဒီပို့စ်လေးကို ဖတ်မိပြီး ဟိုးအရင်ကတည်းက တွေးနေခဲ့ဖူးတဲ့ လောကကြီး ဝိရောဒိတွေကို ပြန်ပြီး တွေးမိပါတယ်။
    ငြိမ်းချမ်းရေးကို အံတုနေတာ စစ်ပွဲတွေမှန်း သိနေကြပါလျက်နဲ့ ငြိမ်းချမ်းရေးအတွက် တိုက်ပွဲဝင်နေကြတာ၊ ဝင်ခိုင်းကြတာ အတော်လေး ရင်လေးစရာပါ။
    နစ်ရှေး ရေးခဲ့ဖူးတဲ့ နာမည်ကျော် စကားတစ်ခွန်း ရှိပါတယ်။
    "မကောင်းဆိုးဝါးတွေကို တိုက်ထုတ်ဖို့ ကြိုးစားရင်း ကိုယ်ကိုယ်တိုင် မကောင်းဆိုးဝါး မဖြစ်အောင် သတိထားပါ" တဲ့။

    ReplyDelete
  9. တော်တော်ကောင်းတဲ့ပို့စ်လေးပဲမမ...
    စစ်သားလေးပြောသွားတဲ့စကားတွေအကုန်ကြိုက်တယ် :)

    ReplyDelete
  10. ဘာသာပြန်တွေကိုအားပေး
    နေပါတယ် ...ဒီထက်မက
    ပိုမိုရေးနိုင်ပါစေ

    ဖတ်လို့  ကောင်းပါတယ်မှတ်သားစရာလေးတွေပါ
    ခင်မင်လျက်

    ReplyDelete
  11. လူတစ်ယောက် ကိုယ့်ကို ဘယ်လိုပြုမူဆက်ဆံလဲဆိုတာ ကိုယ်က သူ့ကိုဘယ်လိုအရင် ဆက်ဆံတယ်ဆိုတဲ့ အပေါ်မှာ မူတည်ပါတယ်

    အဲဒီတစ်ကြောင်းကတော့ အမှန်ဆုံးပဲ။ ဟုတ်တယ်နော် လူတွေက ကိုယ့်အပေါ်မှာ သူများဘယ်လိုဆက်ဆံလဲ အဲလိုပဲပြန်ဆက်ဆံကြတာပါပဲ။ တော်တော် ကောင်းတဲ့ ပို့စ်လေးပဲ ကျဲ့။

    ReplyDelete
  12. အ ရေး အ သား တွေ က တော့ အား အင် အ ပြည့် ပါ ဘဲဗျာ။ လေး စား ပါ တယ်။

    ReplyDelete
  13. ငြိမ်းချမ်းရေးကို ငြိမ်းချမ်းစွာ ရယူပေးလိုသူနဲ့ ...
    ငြိမ်းချမ်းရေးလို့  အော်ပြီး အကြမ်းဖက်လိုသူ...
    ဒီအမေးနဲ့  အဖြေဟာ အမြဲ တိုက်နေရမှာပါပဲ။

    ReplyDelete
  14. အတွေးတွေ တွေးနိုင်တာက အံ့သြစရာ...... နိဂုံးထိ ဆွဲခေါ်သွားတယ်။ ကြိုက်၏။

    ReplyDelete

အခုလို အချိန်ပေးပြီး လာရောက် ဖတ်ရှုတဲ့ လူအားလုံး ကွန်မန့် ပေးသွားတဲ့လူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ အတွေးအမြင်တွေကို လွတ်လပ်စွာ၊ နွေးထွေးစွာ ဖလှယ်နိုင်ပါတယ်ရှင်။