ဤဘလော့တွင် ရေးသားထားသော စာတစ်ပုဒ်ကို ဖြစ်စေ၊ စာတစ်ပိုဒ်ကို ဖြစ်စေ၊ စာတစ်ကြောင်းကို ဖြစ်စေ စီးပွားရေးအရ မဟုတ်ဘဲ မည်သည့်နေရာတွင် မဆို ကူးယူဖော်ပြလိုပါက ပိုင်ရှင်၏ ခွင့်ပြုချက် ရယူရန် မလိုဘဲ မည်သူမဆို ကိုးကားညွှန်းဆို၍ ပြန်လည် ဖော်ပြပေးမယ်ဆိုရင် ကျေးဇူး အများကြီး တင်ပါတယ်ရှင်။

Wednesday, July 16

၁၉ ဇူလိုင်

လူတစ်ချို့က ပြောကြတယ်။ နင်တို့ဘလော့ဂါတွေက စာရေးဖို့ဂွင်ချောင်းနေကြတာတဲ့။ ဟိုနေ့ဆိုလဲစပ်စပ်၊ ဒီနေ့ဆိုလဲစပ်စပ် နေရာတကာ နင်တို့ပါတယ်တဲ့။ တကယ်တမ်းတော့ ဘလော့တစ်ခုဆိုတာ ကျွန်မအတွက်တော့ ပွင့်လင်းတဲ့ လျှို့ဝှက်ချက်တွေ စုစည်းထားတဲ့ ဒိုင်ယာရီပါပဲ။ ကျွန်မရဲ့ ချစ်ခြင်း၊ ၀မ်းနည်ခြင်း၊ ကြေကွဲခြင်းတွေ စုစည်းထားရာနေရာလေး ဆိုလဲမမှားပါဘူး။ နောက်.....ကျွန်မအတွက် အရေးပါတဲ့ လူပုဂ္ဂိုလ်တစ်ချို့ကို ကျွန်မမြတ်နိုးစွာ စာဖွဲ့၊ ကဗျာတွေရေးပီး တင်ထားတဲ့ နေရာလို့လဲ ပြောလို့ရတယ်။ ရှင်းရှင်းပြောရရင် လူများယောင်လို့ လိုက်ယောင်ပြီး နေ့ထူးနေ့မြတ်တွေကို ချောင်းနေတာ မဟုတ်ရပါဘူးရှင်။ ကောင်းတဲ့ကိစ္စ သေးသေးလေးတစ်ခုကိုပဲလုပ်လုပ်၊ မကောင်းတဲ့ကိစ္စ တစ်ခုကိုပဲလုပ်လုပ်၊ အပြစ်ရှာချင်ရင် အပြစ်တစ်ခုလို မြင်နေချင်တဲ့ လူဆိုတာတော့ ရှိစမြဲပါ။ ထားလိုက်ပါ ခဏ။ ၁၉ ဇူလိုင်ရောက်တော့မယ်။ ဘာလဲဇူလိုင် ၁၉?
ဘာအတွက်ကြောင့် ဇူလိုင် (၁၉)ကို လာမေးနေတာလဲ? လူတိုင်းသိနေတဲ့ ကိစ္စကိုလို့ ပြောချင်ပြောကြလိမ့်မယ်။ မထင်ပါနဲ့ ..........အာဇာနည်နေ့ကို လူတိုင်းအမှတ်မရကြတော့ဘူး။ လူတိုင်းမသိကြတော့ဘူး။ မပြောမရှိနဲ့။ မေ့ချင်သလိုနဲ့ တကယ်မေ့နေကြပါပီ။ ပြန်စဉ်းစားကြည့်ရင် ၀မ်းနည်းဖို့ကောင်းလိုက်တာ။ အမိမြန်မာပြည်ကို လွတ်လပ်ရေးရဖို့ စွမ်းစွမ်းတမံ ကြိုးစားပေးခဲ့တဲ့ ကျွန်မတို့ရဲ့ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့် အာဇာနည်ခေါင်းဆောင်တွေကို မေ့ထားလိုက်ကြပီလေ။ သမိုင်းဆိုတာ အတိတ်တစ်ခုပေါ့။ ဒါပေမယ့် အတိတ်ကအကြောင်းက မေ့ထားလို့မရဘူးလေ။ အတိတ်မေ့ချင်ယောင်ဆောင်နေတယ်ဆိုရင်တော့လဲ တစ်မျိုးပေါ့လေ။ ပစ္စုပ္ပန်မှာ တတ်စွမ်းသလောက် အားထုတ်၊ ပြီးတော့ အတိတ်ကပေးတဲ့ သင်ခန်းစာကိုနာယူ၊ အနာဂတ်က လက်တစ်ကမ်းမှာ အကောင်းဆုံး ပြင်ဆင်ပြီး ရင်ဆိုင်ကြရမှာပဲ။ သမိုင်းဆိုတာ လူတစ်ယောက်အတွက်၊ နိုင်ငံတစ်နိုင်ငံအတွက်၊ ကမ္ဘာမြေကြီးတစ်ခုလုံးအတွက်တော့ အရေးပါနေတာပါပဲ။ ဒါဆို မြန်မာပြည်ရဲ့ ဟိုးအရင်နှစ်ပေါင်းများစွာက သူတစ်ပါးနိုင်ငံကို ကျူးကျော်၊ အုပ်ချုပ်မင်းလုပ်ပြီး ဂုတ်သွေးစုပ်ခဲ့ကြတဲ့ နယ်ချဲ့အရင်းရှင်တွေကို မြန်မာ့မြေပေါ်ကနေ မောင်းထုတ်ပေးနိုင်ခဲ့တဲ့ နိုင်ငံ့ဂုဏ်ဆောင် ဗိုလ်ချုပ်နဲ့တကွ အာဇာနည်ခေါင်းဆောင်တွေ လုပ်ကြံခံရတဲ့ ၁၉ ဇူလိုင်ကရော သမိုင်းမှာအရေးပါတဲ့ နေ့တစ်နေ့ဖြစ်ခဲ့သလို အခုလဲအရေးပါနေတယ်။ နောက်နောင် နောင်လာနောက်သားတွေသာ မမေ့သွားကြရင်လည်း ဆက်ပြီးအရေးပါနေမှာပဲ။ ဒါဆို မမေ့သွားအောင်လည်း လက်ဆင့်ကမ်း သတိပေးနေရမယ့် တာဝန်ကလည်း ကျွန်မတို့မှာ အပြည့်ရှိနေတယ်။ ကျွန်မတယ်ရင်း ကောင်မလေးတစ်ယောက်က စာသင်ပေးတယ်လေ။ သူ့ကို သူ့တပည့်လေးက မေးတယ်။ ဗိုလ်ချုပ်အောင်ဆန်းဆိုတာ မန်းလေးနန်းတွင်းမှာ နေခဲ့တာလားတဲ့။ ကြားကြားချင်းတော့ ရီလိုက်မိတယ်။ တကယ်တမ်းပြောရရင် စိတ်မကောင်းစရာပဲ။ ဗိုလ်ချုပ်အကြောင်းကို မေ့နေကြပီဖြစ်သလို၊ ဗိုလ်ချုပ်မွေးနေ့ ဖေဖော်ဝါရီ (၁၃)ဆိုတာ မေ့တာမှ လာလား မပြောပါနဲ့တော့ပေါ့နော်။ ဖေဖော်ဝါရီ (၁၄)ကိုကျတော့ လူတွေက ဗယ်လန်တိုင်းနေ့တဲ့။ ချစ်သူများနေ့တဲ့။ မှတ်မှတ်ရရ ကိုယ်နဲ့မဆိုင်လဲ ဂလိုဘယ်လိုင်ဇေးရှင်း။ ကမ္ဘာကြီးမှာဖြစ်ပျက်သမျှ ခေတ်နဲ့အညီဖြစ်နေရမယ်တဲ့။ အဟား။ ရီချင်လိုက်တာ။ ကိုယ့်နိုင်ငံရဲ့ သမိုင်းကိုတောင် မသိမေ့နေတဲ့လူတစ်ယောက်က ဘာလဲကမ္ဘာနဲ့ရင်ဘောင်တန်းမယ်။ ကျွန်မ မြန်မာလူမျိုးတစ်ယောက် မဟုတ်ဘူး။ ကျွန်မ ဗုဒ္ဓဘာသာဝင်တစ်ယောက် မဟုတ်ဘူး။ ဒါပေမယ့် ကျွန်မ မြန်မာ့မြေပေါ်မှာ ကြီးပြင်းလာတယ်။ မြန်မာ့ရေကိုသောက်နေတဲ့ မြန်မာမဟုတ်တဲ့ မြန်မာ့သွေးတစ်ယောက်ပါ။ မျိုးချစ်စိတ်ဓါတ်ရှိတယ်။ နိုင်ငံရေးလုပ်နေတာမဟုတ်တဲ့ နိုင်ငံ့အရေးကို စိတ်ဝင်စားတဲ့ မြန်မာလူငယ်တစ်ယောက်ပါ။ မြန်မာလူငယ်တွေ သိထား၊ နားလည်ရမယ့် မြန်မာ့သမိုင်းမှာအရေးပါတဲ့၊ မြန်မာပြည်သူတွေအတွက် အရေးကြီး ပုဂ္ဂုလ်တွေကို ကျွန်မမမေ့သလို ကျန်ရှိနေသာ အခြားအခြားသော လူများကိုလဲ မမေ့စေချင်တာကတော့ တကယ့်စိတ်ရင်းအမှန်ပါ။ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြု။

ခေးရော့စ်

7 comments:

  1. အင်းးဗျာ...အခုလို နေ့မျိုးကိုမေ့နေနိုင်ကြတာကို တော်တော်လေး အံ့သြမိတယ်...တတ်နိုင်သလောက်တော့ လူတိုင်းအမှတ်ရနေအောင် သတိပေးရမှာပဲ...အထူးသဖြင့်တော့ ကျောင်းသားလေးတွေပေါ့

    ReplyDelete
  2. ၁၉ ဇူလိုင်အတွက် ဦးဦးဖျားဖျား တင်ထားတဲ့ ပို့စ်လေးကိုဖတ်ပြီး ပြောချင်တာလေးတွေရှိလို့ ခေးရော့စ်ရေ… ။ အခုခေတ်မှာ သမိုင်းဆိုတာ ကျောင်းစာမဟုတ်တဲ့ စာအုပ်တွေထဲကနေ ဖတ်မှတ်ပြီး သိရတာမျိုး ဖြစ်နေပါပြီ။ အခုကလေးတွေက နေ့ထူးနေ့မြတ်တွေ ကျောင်းပိတ်ရင်တောင် ဘာဖြစ်လို့ပိတ်မှန်းမသိတဲ့ အဖြစ်မျိုး ရောက်နေကြပါပြီ။ ကိုယ့်လူမျိုးကိုချစ်တဲ့ ကိုယ့်နိုင်ငံရဲ့ အရေးကို စိတ်ဝင်တစားရှိတဲ့ သမိုင်းထဲက လူတွေကို တန်ဖိုးထားတဲ့ လူနည်းစုက တာဝန်သိစွာနဲ့ လက်ဆင့်ကမ်း အသိပေးမှ သိကြမှာပါ။ ဒါဟာ ကိုယ့်အသိစိတ်နဲ့ကိုယ် လုပ်ရမယ့်အလုပ်ပဲလေ။ ဒီပို့စ်လေးအတွက် ခေးရော့စ်ကို ကျေးဇူးတင်ပါတယ်။ ဆုဝေလဲ ၁၉ ဇူလိုင်အမှတ်တရ တခုခုတင်ဖို့ စဉ်းစားနေပါတယ်။ ဒါကိုမှ စာရေးဖို့ ဂွင်ချောင်းနေတယ်လို့ ထင်ကြရင်လဲ မတတ်နိုင်ဘူးပေါ့နော်။ ဘလော့ဆိုတာ ဆုဝေတို့ရဲ့ ခံစားချက်တွေ၊ မျှော်လင့်ချက်တွေ၊ ယုံကြည်ချက်တွေကို ဖွင့်ဟပြတဲ့နေရာလေးဆိုတော့ ကိုယ်ယုံကြည် ခံစား တန်ဖိုးထားတာမှန်သမျှ သူ့ဆီမှာ ရှိနေမှာပဲလေ…။
    ခင်တဲ့
    ဆုဝေ

    ReplyDelete
  3. ဒီပိုစ့်လေးမိုက်တယ်....

    ရှေ့ ရေးအတွက်တော့ ရင်လေးလျက်ပေါ့ဗျာ......

    အမျိုးပျောက်မှာလဲ..စိုးကြောက်မိပါရဲ့ 

    အားပေးလျက်...
    ကိုနေ(YNP)
    www.ynp-net.info

    ReplyDelete
  4. ၁၉ ဇူလိုင် ....

    ရိုသေစွာ အလေးပြုခဲ့ပါတယ်ဗျာ ၊၊

    ReplyDelete
  5. ဖျောက်ဖျက်ထားတဲ့သမိုင်းတွေ ရင်ထဲမှာကိန်းအောင်းနေ တာဂုဏ်ယူစရာပါ ကျွန်တော် ယဉ်နဲ့ထပ်တူထပ်မျှလေးစားပါတယ်

    ReplyDelete
  6. ကျေးဇူးအထူးတင်တယ်

    ReplyDelete
  7. ဟုတ်တယ်ဗျာ။ အလေးပြုခဲ့ပါတယ်။

    ReplyDelete

အခုလို အချိန်ပေးပြီး လာရောက် ဖတ်ရှုတဲ့ လူအားလုံး ကွန်မန့် ပေးသွားတဲ့လူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ အတွေးအမြင်တွေကို လွတ်လပ်စွာ၊ နွေးထွေးစွာ ဖလှယ်နိုင်ပါတယ်ရှင်။