ဤဘလော့တွင် ရေးသားထားသော စာတစ်ပုဒ်ကို ဖြစ်စေ၊ စာတစ်ပိုဒ်ကို ဖြစ်စေ၊ စာတစ်ကြောင်းကို ဖြစ်စေ စီးပွားရေးအရ မဟုတ်ဘဲ မည်သည့်နေရာတွင် မဆို ကူးယူဖော်ပြလိုပါက ပိုင်ရှင်၏ ခွင့်ပြုချက် ရယူရန် မလိုဘဲ မည်သူမဆို ကိုးကားညွှန်းဆို၍ ပြန်လည် ဖော်ပြပေးမယ်ဆိုရင် ကျေးဇူး အများကြီး တင်ပါတယ်ရှင်။

Tuesday, December 4

အကောင်းမြင်ကြည့်မလား?

ဘ၀မှာ ကြုံတွေ့လာရတဲ့ အခက်အခဲ၊ ဒုက္ခတွေကို ပြုံးပြုံးလေးငေးပြီး အကောင်းမြင်ဖို့ ကြိုးစားကြည့်ဖူးလား? တကယ်တမ်းတော့ အပြောလွယ်ပြီး လက်တွေ့မှာ ရင်ဆိုင်ဖို့ အတော့်ကို ခက်ခဲပါတယ်။ ဘ၀ခရီး ရှည်ကြီး တစ်လျှောက်မှာ ဖြစ်ပျက်သမျှကို အမြဲတမ်း အကောင်းဆုံး ဖြစ်စေချင်တာကတော့ လူတိုင်းကိုယ်စီရဲ့ ဟိုးအနက်ရှိုင်းဆုံး ထောင့်တစ်နေရာက မျှော်လင့်ချက် တစ်စွန်းတစ်စလေးပေါ့။ တစ်ခါတစ်ရံမှာ အဲ့ဒီ မျှော်လင့်ချက် ရောင်ခြည်ပါးပါးလေးတောင်မှ ဆက်လက်ထားရှိဖို့ မဖြစ်နိုင်တော့လောက်အောင် စိတ်ဓါတ်ကျ၊ အားငယ်ပြီး အမှောင်ထဲမှာ လမ်းပျောက်တဲ့ အချိန်တွေလည်းရှိတယ်နော်။ တစ်ချို့တစ်ချို့သော လူတွေဟာ လောကဓံရဲ့ ထိုးနှက်မှုတွေကို "ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ခြင်း" ဆိုတဲ့ ဘောင်တစ်ခုနဲ့ ခတ်ပြီး ပြဿနာ တစ်ခု ဇီဝိန်ချုပ်ဖို့ အားထုတ်ကြံစည်ကြတယ်။ ဒီလို လုပ်ရပ်တွေက ကိုယ့်ကိုချစ်တဲ့လူတွေ အမြောက်အမြားကို စိတ်ဒဏ်ရာ တွေဘယ်လောက်ထိပေးတယ်ဆိုတာ သူတို့မသိကြဘူး။ ဘ၀မှာ စိတ်ဆင်းရဲမှု၊ ပျော်ရွှင်မှုတွေဟာ မဖိတ်ခေါ်ဘဲ ရောက်လာကြတဲ့ ဧည့်သည်တွေလိုပါပဲ။ ၀တ်ကျေတန်းကျေတော့ မဟုတ်ဘူး။ အိမ်ရှင့် ၀တ္တရား ကျေပွန်အောင် ဧည့်ဝတ်ပြုလိုက်ချင်စမ်းပါဘိ။ ဘ၀ရဲ့နေ့သစ် စာမျက်နှာတွေထဲ ၀င်ရောက်လာမယ့် ဒေါသ၊ မောဟ၊ စိတ်ဖိစီးမှု၊ ဒုက္ခတွေကို မေတ္တာ၊ မျှော်လင့်ချက် လေးတွေနဲ့ တုန့်ပြန်တွန်းလှန် အနိုင်ယူကြည့်မယ်လေ။ တကယ်တမ်းတော့ အလေးအနက် စဉ်းစားကြည့်ရင် ကိုယ့်အနီးအနား ပတ်ဝန်းကျင်မှာ ကိုယ့်ကို ချစ်တဲ့လူ၊ ဂရုစိုက်တဲ့လူ၊ အကူအညီ အထောက်အပံ့ပေးမယ့်လူတွေ ရှိနေတာကို ကွင်းကွင်းကွက်ကွက် မြင်လာလိမ့်မယ်။ အဲ့ဒီလိုဆိုတော့လဲ ရင်ထဲမှာ နွေးသွားပြီး အနာဂတ်နေ့သစ်တွေ ထဲကို ရဲရဲဝံ့ဝံ့ တစ်လှမ်းခြင်း လျှောက်လှမ်းဖို့ အားအင်တွေ စိမ့်ဝင်လာသလိုပါပဲ...................

chaos

8 comments:

  1. အမြဲတမ်းပျော်ပျော်နေတတ်တယ်လို့ ထင်ရတဲ့ ကောင်မလေးမှာ အခုလိုလေးနက်တဲ့ စဉ်းစားမူတွေရှိနေမယ်လို့ မထင်မိခဲ့ဘူး..။ ဒီပိုစ့်က ဘ၀မှာ ဒဏ်ရာဒဏ်ချက်တွေကြောင့် စိတ်ဓါတ်ကျနေသူတွေကို တစုံတရာ အသိပညာတော့ ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်..။ ညီမလည်း ဘ၀မှာ ကြုံဆုံရမဲ့ အခက်အခဲအားလုံးကို ကျော်လွှားနိုင်ပါစေနော်..

    ReplyDelete
  2. အကောင်းမြင်ကြည့်ဖို့တော့ ကြိုးစားနေတာပဲ..
    အခုထိလဲ ကြိုးစားနေတုန်း..
    thanks 4 ur post :)

    ReplyDelete
  3. မျှော်လင့်ချက် ရောင်ခြည်ပါးပါးလေးတောင်မှ ဆက်လက်ထားရှိဖို့ မဖြစ်နိုင်တော့လောက်အောင် စိတ်ဓါတ်ကျ၊ အားငယ်ပြီး အမှောင်ထဲမှာ လမ်းပျောက်တဲ့ အချိန်တွေလည်းရှိတယ်နော်။
    လူတိုင်းဟာအဲဒီအချိန်ကလေးကိုဖြတ်သန်းနိုင်ဖို့အရေးအကြီးဆုံးပေါ့။ ညီမလေးရဲ့တွေးအခေါ်တွေကောင်းတယ်….

    ReplyDelete
  4. ကောင်းလိုက်တဲ့ ဘ၀အကြောင်းရေးတာလေး ... တော်တော်စိတ်ကူးကောင်းတယ်နော်..ဒီလိုရေးဖို့ကလည်း
    ကိုယ်တိုင်ဘူးမှနော... အဆင်ပြေပါစေဗျာ :)

    ReplyDelete
  5. ဒုက္ခတွေကို ပြုံးပြုံးလေးငေးပြီး အကောင်းမြင်ဖို့ ကြိုးစားဆဲပါပဲ။
    မဖိတ်ခေါ်ဘဲ ရောက်လာကြတဲ့ ဧည့်သည်တွေကို ၀တ္တရား ကျေပွန်အောင်ဧည့်ခံဖို့လည်း အားထုတ်တုန်းပါပဲ။
    ကိုယ့်ကို ချစ်တဲ့လူ၊ ခင်တဲသူ၊ဂရုစိုက်တဲ့လူတွေကတော့ ဘ၀မှာအမြဲလိုအပ်တဲ့ အားဆေးတွေပေါ့။

    ReplyDelete
  6. အကောင်းမြင်သွားတယ် အစ်မရေ ..။

    ReplyDelete
  7. လောကဓံတရားကို ရှောင်လွှဲဖို့ ကြိုးစားတဲ့ လူတွေက ဘာနဲ့ တူသလဲဆိုရင် ကလေးငယ်လေး တူတူပုံးတန်း ဆော့တာနဲ့ တူတယ်။ လမ်းမလျှောက်တတ်သေးတဲ့ ကလေးလေးတွေ တူတူပုံးတန်း ဆော့တာ မြင်ဖူးမှာပါ။ လူကြီးလုပ်တဲ့သူက တူ ဆိုရင် သူ့လက်ကလေး သေးသေးလေးနဲ့ သူ့ရဲ့ မျက်စိတွေကို အုပ်လိုက်တယ်လေ။ အဲဒီ ကလေးက သူ့ရဲ့ မြင်ကွင်းမှာ ဘာမှ မမြင်ရတော့ သူပါ ပျောက်သွားတယ် ထင်တာပေါ့။ လောကကြီးမှာ လူအတော်များများက လောကဓံတရားနဲ့ အဲဒီကလေးလေးတွေလို တူတူပုံးတန်း ဆော့နေကြတယ်လေ။ သူတို့ မမြင်ရရင်ကို မရှိတော့ဘူးလို့ ထင်နေကြတယ်။ လောကဓံကို အကောင်းဆုံး ကျော်လွှားနည်းကတော့ တည်တည် ကြည်ကြည်နဲ့ ရင်ဆိုင် ဖြေရှင်းခြင်းပဲလေ။ မဟုတ်ဘူးလား Chaos ရယ်။

    ReplyDelete
  8. ယောနိသောမဏိသက္ကာရ ပြည့်စုံရင် good တယ်ဗျ။

    ReplyDelete

အခုလို အချိန်ပေးပြီး လာရောက် ဖတ်ရှုတဲ့ လူအားလုံး ကွန်မန့် ပေးသွားတဲ့လူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ အတွေးအမြင်တွေကို လွတ်လပ်စွာ၊ နွေးထွေးစွာ ဖလှယ်နိုင်ပါတယ်ရှင်။