ဤဘလော့တွင် ရေးသားထားသော စာတစ်ပုဒ်ကို ဖြစ်စေ၊ စာတစ်ပိုဒ်ကို ဖြစ်စေ၊ စာတစ်ကြောင်းကို ဖြစ်စေ စီးပွားရေးအရ မဟုတ်ဘဲ မည်သည့်နေရာတွင် မဆို ကူးယူဖော်ပြလိုပါက ပိုင်ရှင်၏ ခွင့်ပြုချက် ရယူရန် မလိုဘဲ မည်သူမဆို ကိုးကားညွှန်းဆို၍ ပြန်လည် ဖော်ပြပေးမယ်ဆိုရင် ကျေးဇူး အများကြီး တင်ပါတယ်ရှင်။

Monday, January 21

သေခြင်းတရား

သေခြင်းတရား ဆိုတာ ကျွန်မတို့ ရှောင်ပုန်းမပြေးနိုင်တဲ့ အရာတွေထဲက တစ်ခုပါနေတယ်နော်။ “သေဆုံးခြင်း” ဆိုတဲ့ အရာက ကျွန်မတို့ အကြောက်ဆုံး အရာတွေထဲမှာ မေ့ထားပေမယ့်လည်း တစ်နေ့နေ့ကျရင် ရောက်ရှိလာမှာပါပဲလေ။ သေတစ်နေ့ မွေးတစ်နေ့ လူ့ဘ၀ကြီးမှာ တစ်ခါတစ်လေ အရာအားလုံးခဏမေ့ထားပြီး ဘ၀ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို ဖြတ်သန်းနေရတာလဲ အဓိပ္ပါယ်ရှိခြင်းတစ်မျိုးပါပဲ။ တိုးတက်နေတဲ့ ယနေ့ခေတ်ကြီးထဲမှာ လာဘ်ပေးလာဘ်ယူ ဆိုတဲ့ ဝေါဟာရကြီးက လူ့ဘောင်လောက အဖွဲ့အစည်းအတွင်းမှာ တွင်ကျယ်စွာ နေရာဝင်ယူလာပီ။ တကယ်လို့များ ကျွန်မတို့ အားလုံးဟာ သေမင်းကိုသာ လာဘ်ထိုးနိုင်မယ်ဆိုရင် ကျွန်မတို့ သိပ်ချစ်တဲ့လူတွေအတွက် ဘယ်လောက်ထိအောင်များ ကြိုးစားမိကြမလဲမသိဘူးနော်။ တစ်ခါတစ်လေ သေမှာကြောက်တာဟာ သေပြီးသွားရင် ဘာဖြစ်မလဲဆိုတာ ဘယ်သူကမှ မပြောပြထားဘူးလေ။ သေပြီးသားလူတွေနဲ့ အင်တာဗျူးတွေသာ ကြိုရှိနေရင်တော့ အနည်းအကျဉ်းသဘောလောက်တော့ ပြင်ဆင်ထားခွင့်ရှိမှာပေါ့။ လူတွေရဲ့ထူးဆန်းမှုကတော့ တစ်စုံတစ်ယောက် လောကကြီးကို ကျောခိုင်းထွက်ခွာသွားပြီဆိုရင် အဲ့ဒီ လူအတွက် ပူဆွေးသောကရောက်ပြီး ၀မ်းနည်းတုန်လှုပ်မိကြတယ်။ တစ်ကယ်တမ်းတော့ တစ်နေ့မှာ ကျွန်မတို့လဲ ဒီလမ်းကို လျှောက်လှမ်းရမှာပဲလေ။ သေဆုံးတယ်ဆိုတဲ့ စကားလေးတစ်ခွန်းကိုပဲဖြစ်ဖြစ် ပြောခွင့်မပေးချင်ကြဘူး။ ဒီအကြောင်းအရာတွေက ကျွန်မတို့ဆီကို ကံမကောင်းခြင်းတွေ သယ်ဆောင်လာနိုင်တယ်လို့ လူတွေ ထင်မြင်ယူဆထားကြတယ်။ တကယ်တမ်းတော့ ဘယ်လိုပဲမေ့ထားမေ့ထား လူတိုင်းရဲ့ စိတ်ထဲတစ်နေရာမှာ သူကတော့ တိတ်တဆိတ် ကိန်းအောင်းနေတယ်။ ကျွန်မတို့ အိပ်ပျော်သွားတဲ့ အချိန်မှာ စိတ်ညစ်စရာတွေ ခေတ္တခဏ မေ့နေကြတယ်။ တကယ်လို့များ ကျွန်မတို့ သေဆုံးသွားရင်ရော ပျော်ရွှင်မှု၊ ၀မ်းနည်းမှုဆိုတဲ့ အရာတွေပါ တစ်ပါတည်း သေဆုံးသွားမလား? ပြသနာကို ဖြေရှင်းချင်တဲ့ လူတစ်ချို့ကတော့ ကိုယ့်ကိုယ်ကို အဆုံးစီရင်မှုဆိုတဲ့ လမ်းစဉ်ကို ကျင့်သုံးပြီး လွတ်မြောက်မှုတစ်ခုကို ရှာဖွေကြတယ်။ တကယ်တမ်းတော့ သူတို့ သိပ်တစ်ကိုယ်ကောင်းဆန်တယ်။ ပြသနာကို ဖြေရှင်းနိုင်မယ့် သေဆုံးခြင်းမမည်တဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ ဘာလို့ ဒီလမ်းကိုမှ ခုံမင်စွာရွေးချယ်နေလဲ ဆိုတာ နားမလည်နိုင်အောင်ပါပဲ။ သေဆုံးခြင်းဆိုတာ ပြသနာပေါင်းများစွာရဲ့ အဓိက သော့ချက်မဟုတ်ဘူးလေ။ တကယ်လို့များ ဒီပြသနာတွေကို ကြံ့ကြံ့ခံ တွန်းလှန်နိုင်ခဲ့ရင် မျှော်လင့်ချက်ရောင်ခြည်တွေနဲ့ ပြည့်ဝနေတဲ့ လှပတဲ့ နေ့ရက်တွေကို မကြုံတွေ့နိုင်ဘူးလို့ ဘယ်သူ အတပ်ပြောနိုင်မလဲ? တကယ်တမ်း ကိုယ့်ကိုယ်ကိုသတ်သေတာ ကိုယ်တစ်ဦးတည်း သေဆုံးသွားရုံတင်မကဘူး ကျန်ရစ်ခဲ့မယ့် မိသားစုဝင်တွေကို ဘယ်လောက်တောင် စိတ်ထိခိုက်စေမယ်ဆိုတာ သူတို့ မသိသွားကြဘူးလား။ အော် သေခြင်းတရားအကြောင်းကို အကျယ်တ၀င့် စဉ်းစားမိတဲ့ အချိန်တိုင်း လက်ရှိအသက်ရှင်နေထိုင်နေတဲ့ ဘ၀လေးဟာ ပိုအသက်ဝင် တန်ဖိုးရှိလာသလိုခံစားရတယ်။ ဘ၀ကြီးက ပစ်ထုတ်လိုက်တဲ့ ဒုက္ခတွေကတော့ လူတိုင်းကိုယ်စီလက်ထဲမှာ ဆုပ်ကိုင်မိရက်သားပါပဲ။ ဖြစ်လာမယ့်၊ ကြုံတွေ့လာမယ့် အခက်အခဲ အမျိုးမျိုးအဖုံအဖုံကို ကျော်ဖြတ်နိုင်အောင်တော့ အနည်းဆုံး ကြိုးစားကြည့်သင့်တာပဲလေ။ လူတွေအားလုံးဟာ သေခြင်းတရားကို နက်နက်နဲနဲနားလည်ကြတယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက် အတိုက်အခိုက်ေ တွကိုရပ်ဆိုင်းပြီး ဘ၀ကို ပျော်ပျော်ဖြတ်သန်း နေကြမလားပဲနော်။ တစ်ယောက်ကိုတစ်ယောက် ခွင့်လွှတ်နားလည်ပေးပြီး ကမ္ဘာကြီးတစ်ခုလုံး ပျော်စရာအတိနဲ့ ငြိမ်းချမ်းတဲ့ နေရာလေးအဖြစ် တည်ရှိနေရင် သိပ်ကောင်းမှာပဲ။ ကျွန်မကိုကျွန်မ ပြီးတော့ ကျွန်မသိပ်ချစ်ရတဲ့လူတွေ အတွက် ကျွန်မရဲ့ ရင်တွင်းတစ်နေရာက ခုန်ထွက်လာတဲ့ စကားလေးတွေကတော့ ဒီနေ့လုပ်နိုင်တာကို မနက်ဖြန်အထိမရွေှ့နဲ့…….မဟုတ်ရင်တော့ သေခြင်းတရား ၀င်ရောက်ဖျက်ဆီးသွားရင် လှပတဲ့ အိပ်မက်လေးတွေ အကျဉ်းတန်ကုန်တော့မှာပဲ…………………

ခေးရော့စ်

9 comments:

  1. ဘယ်လိုတွေဖစ်ပြီး သင်္ခါရ သဘောတေါဘက် ရောက်သွားရတာလည်းဗျ။ တစ်ခုခုတော့ တစ်ခုခုပဲ။ဟတ်
    ဟတ် တရားပေါက်သွားပီထင်တယ်။ လူဝတ်ကြောင်တော့
    မစွန့်လွတ်လောက်ပါဘူးနော်။

    ReplyDelete
  2. “ကိုယ်တန်ဖိုးထားတဲ့ အရာတွေကို သေခြင်းတရားက လွဲလို့ ဘယ်သူကမှ လုယူ မသွားစေရဘူး။”

    စခြင်း ဟာ ဆုံးခြင်းနဲ့ အနားသတ်တယ်။
    မွေးဖွားခြင်းဟာ သေဆုံးဖို့အတွက်လို့ ပြောကြတယ်။
    ဒါပေမယ့် မွေးဖွားခြင်းကို ကောင်းကောင်း မမှတ်မိတော့တဲ့ ကျနော်တို့တွေဟာ သေဆုံးမယ်ဆိုတာကိုလည်း မေ့နေကြတယ်။ ပျော်ပျော်နေ သေခဲ ဆိုတဲ့ စကားကလည်း ရှိနေတော့ လူတွေက ဒီစကားကို အကြောင်းပြပြီး အပျော်လွန်နေကြတယ်လေ။ ဒါနဲ့ပဲ သေရမှာကို မေ့ကုန်ကြတယ်။ ပျော်ကြတယ် ဆိုတဲ့နေရာမှာ နှစ်မျိုးရှိတယ်။ တစ်ခုက အပျော်အပါးလိုက်တာ။ တခဏတာ ပျော်ရွှင်မှုအတွက် အရက်သောက်မယ်၊ ဆေးချမယ်၊ အသိဉာဏ်မဲ့စွာနဲ့ ပျော်မယ်ထင်တာတွေ လုပ်လိုက်ကြတယ်။ နောက်ပြီး ကြီးကြီးကျယ်ကျယ် ပျော်ပျော်နေ သေခဲ ဆိုပြီး ခေါင်းစဉ်တပ်လိုက်တယ်။ အဲဒီလို အပျော်ကတော့ သေဖို့ ယမမင်းကို ပါမစ်တောင်းနေတယ်လို့ ခံစားမိတယ်။ နောက်တစ်မျိုးကတော့ ကိုယ် မြတ်နိုးတဲ့ ကိုယ် သိပ်ချစ်တဲ့ အရာတွေ၊ အလုပ်တွေ၊ လူတွေကို ရလာတဲ့ အချိန်လေးထဲမှာ အမြတ်တနိုးနဲ့ တယုတယ တန်းဖိုးထားပြီး ပျော်ပျော်ရွှင်ရွှင် နေဖို့ပဲ။ ကိုယ်သိပ် တန်ဖိုးထားတဲ့ အလုပ်တစ်ခုဟာ လုပ်ရတာ ပင်ပန်းကောင်း ပင်ပန်းမယ်။ ဒါပေမယ့် ဒီအလုပ်အတွက် ပေးဆပ်မှုအားလုံးဟာ တန်ဖိုးရှိတယ်လို့ ခံစားရပြီး ပျော်ရွှင်နေမယ်။ ကိုယ်သိပ်ချစ်တဲ့ လူတစ်ယောက် ပျော်ရွှင်နေဖို့ ကိုယ်ရဲ့ ပျော်ရွှင်မှုတချို့ကို စတေးလိုက်ရတောင် ကိုယ့်ရဲ့ လက်ကျန် ပျော်ရွှင်မှုလေးနဲ့ ကျေနပ်နေမယ်၊ ဒီကျေနပ်မှုနဲ့ပဲ ပီတိတွေကတဆင့် ပျော်ရွှင်မှုတွေ ပြန်ဖြစ်လာပြီး ဘ၀ကြီးက ပိုပြီး နေပျော်လာတယ်။ ဒီလိုပဲ ကိုယ်ချစ်တဲ့လူကို ဖေးမရင်း၊ ကူညီရင်း၊ ပေးဆပ်ရင်း နဲ့ ရတဲ့ အချိန်တိုင်းဟာ ပျော်ရွှင်ဖွယ် ကာလလေးတွေ ဖြစ်နေမယ်ဆိုရင် ရှင်နေရတဲ့ အချိန်တွေဟာ တန်ဖိုး အလိုလိုတက်လာတယ်။ အဲလိုမှ မဟုတ်ဘဲ နေရတဲ့ အချိန်တိုလေးမှာ စိတ်ညစ် စိတ်ပျက်နဲ့ အပျက်သဘော တွေးပြီး အဖျက်သဘော ဆောင်နေရင် အချိန်တွေကို ဖြုန်းတီးရာ ကျနေမယ်နော်။ နောက်ဆုံးတော့ သေခါနီး အဖက်တင်ခဲ့မှာ နောင်တ တစ်ခုပဲ ကျန်မယ်လေ။ ရလာကြတဲ့ ဘ၀လေးက တကယ်တမ်းတော့ တိုတိုလေးပါ။ ဘာတွေ ညာတွေနဲ့ ခေါင်းစဉ်တပ်ပြီး ယိုးမယ်ဖွဲ့မနေကြပါနဲ့။ ကိုယ့်ပတ်ဝန်းကျင်ကို ပြန်ကြည့်လိုက်ပါဦး။ ဘယ်အရာတွေကို တန်ဖိုးထားဖို့ မေ့နေကြသလဲ။ ဘယ်သူတွေကကော ကိုယ့်ကို တန်ဖိုးထားနေသလဲ။ ဘေးနားမှာ ရှိနေကြတဲ့ တန်ဖိုးထားအပ်တဲ့ အရာ၊ အလုပ် နဲ့ လူတွေကို အမြတ်တနိုးနဲ့ တန်းဖိုးထားကြရင်း သေခြင်းတရားကို အာ မခံနိုင်တောင် သေခြင်းတရားကြောင့် ဖြစ်လာတဲ့ နာကျင်မှုတွေကိုတော့ အန်တုသွားနိုင်မယ်လို့ အဆိုပြုရင်းးးးးးးးး

    ReplyDelete
  3. ကျွန်တော်ကတော့ ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းဆိုတာ စာရွက်တရွက်ရဲ့ ဟိုဘက်မျက်နှာနဲ့ ဒီဘက်မျက်နှာလို့ လက်ခံထားတယ်။ ဒီဘက်မျက်နှာက ကုန်သွားရင် ဟိုဘက်မျက်နှာ သွားဖတ်၊ ဟိုဘက်ကုန်ရင် ဒီဘက်ပေါ့။ ကျွန်တော် ဖတ်မှတ်ဖူးတဲ့ စကားလေး ပြောပြမယ်ဗျာ ကြုံတုန်းပေါ့။ “ လုပ်ငန်းတွေကို စီမံကိန်းချတဲ့ အခါ ငါ ဘယ်တော့မှ မသေနိုင်ဘူး ဆိုတဲ့ ခံယူချက်နဲ့ ချမှတ်ပါ။ လုပ်ငန်းတွေကို စတင်လုပ်ကိုင်တဲ့ အခါ ငါ မနက်ဖြန် သေသွားရင် ဆိုပြီး အကောင်အထည် ဖော်ပါတဲ့။ ” ပို့စ်လေးက ဖတ်လို့လဲကောင်း တွေးစရာလေးတွေလဲ ရလိုက်လို့ ကျေးဇူးပါ ခေးရော့စ်။

    ReplyDelete
  4. သေခြင်းတရား ၀င်ရောက်ဖျက်ဆီးသွားရင် လှပတဲ့ အိပ်မက်လေးတွေ အကျဉ်းတန်ကုန်တော့မှာ
    အစ်မရေ အဆင်ပြေပါစေ.

    ReplyDelete
  5. တကယ်လို့များ ကျွန်မတို့ အားလုံးဟာ သေမင်းကိုသာ လာဘ်ထိုးနိုင်မယ်ဆိုရင် ကျွန်မတို့ သိပ်ချစ်တဲ့လူတွေအတွက် ဘယ်လောက်ထိအောင်များ ကြိုးစားမိကြမလဲမသိဘူးနော်။
    သိပ်ကောင်းတဲ့စဉ်းစားတွေးခေါ်မှုလေးတခုပါ....
    သေလွန်သည်ရဲ့အခြားတဖက်ထိမစဉ်းစားဘဲ.သေလွန်ခြင်းခဏကိုတွေးကြည့်ရင်အိပ်စက်ခြင်းနဲ့ဘာမျှသိပ်မကွာသလိုခံစားမိပါလိမ့်မယ်.ဒီတော့လူ့ဘဝမှာအချိန်တွေအများကြီးပေးပြီးအိပ်တဲ့သူ
    တွေဟာ.ရှင်သန်ချိန်ထက်သေဆုံးချိန်တွေကပိုများနေမှာ
    ပေါ့..ဒါကြောင့်.အကိုကတနေ့ကို၅နာရီလောက်ဘဲအိပ်လေ့ရှိတယ်.နောက်ပြီးနိုးထနေတဲ့အချိန်တွေကိုလည်းရှင်သန်မှုနဲ့
    ထိုက်တန်တဲ့အလုပ်တွေနဲ့ဘဲကုန်ဆုံးစေချင်တယ်..တခါ
    တခါကျရင်သေခြင်းတရားအကြောင်းကိုလည်းမမေ့
    လျော့အောင်စဉ်းစားလေ့ရှိတယ်.အဲဒီလိုစဉ်းစားမိတိုင်း
    ရှင်သန်ရင်း.ရုန်းကန်ရင်း.လှုပ်ရှားရင်းနဲ့ဘဲသေဆုံးမယ်
်လို့ဘဲဆုံးဖြတ်လေ့ရှိတယ်...ပြီးတော့.ကျန်စစ်မင်း
    ကြီးရဲ့သေခါနီးအချိန်မျိုးနဲ့သေဆုံးခြင်းမျိုးကိုလည်း
    တောင့်တမိတယ်..
    ပြီးပါပြီ

    ReplyDelete
  6. ကျဲ့ပြောတာအရမ်းမှန်တာပဲ။ အသက်ရှင်နေတုန်းလေး တစ်ယောက်နဲ့တစ်ယောက် ရန်ငြိုးတွေ အမုန်းတွေကင်းကင်းနဲ့ပျော်ပျော်ရွှင်ရွှင်နေပြီး လုပ်ချင်တာတွေကို မသေခင် အားလုံးဖြစ်မြောက်အောင်လုပ်နိုင်ရင်တော့အကောင်းဆုံးပေါ့နော်။

    အဲလိုပဲသမီးတို့တစ်ယောက်နဲ့တစ်ယောက်ချစ်ချစ်ခင်ခင်ပဲနေကြမယ်နော်။

    ReplyDelete
  7. ဟုတ်တယ်ဗျို့....
    တို့တွေဟာ... သေချာတခုရှိတယ်..
    အဲဒါက သေကြမယ်ဆိုတာ......
    မလွန်ဆန်နိုင်တဲ့... အရာပဲဆိုတာပါ...။

    ကဗျာချစ်သူလည်း...
    တရားရသွားပီနဲ့တူတယ်...
    ကောင်းတယ်ဗျာ...
    အားပေးပါတယ်...
    မသေခင်လုပ်ကြရတာပဲမဟုတ်လား...။

    ReplyDelete
  8. ဒီနေ့လုပ်နိုင်တဲ့အလုပ်ကိုမနက်ဖြန်အထိ လုံးဝမရွှေ့ဘူး..
    ဒီနေ့ပဲအကုန်စားတတ်တယ်.. ဟီး.. နောက်တာပါ...
    ဒီပို့စ်လေးဖတ်ပြီးတော့ တွေးစရာတွေလဲရသွားတယ်.. ဆင်ခြင်သင့်တာတွေလဲဆင်ခြင်ရမယ်

    ReplyDelete
  9. ကွေးသောလက် မဆန့မီပေါ့နော် မမ
    မွန်ကြားဖူးတာကတော့ ကြံကိုစုပ်ရင်တောင် အချိုလေးတဲ့ အရင်းပိုင်းက စစုပ်ရတယ်တဲ့
    ဘာလို့လဲဆိုတော့ အချိန်မရွေး သေသွားနိုင်လို့
    အဖျားပိုင်းကို အရင်စားရင် အရင်းမရောက်ခင် သေသွားမှာစိုးလို့တဲ့
    ဒါကြောင့် ရေခဲသေတ္တာထဲက မုန့်တွေတောင်
    ဒီနေ့အကုန်စားပစ်တော့မလို့
    နောက်နေ့မနက် အိပ်ရာပြန်နိုးဖို့ဆိုတာ မသေချာဘူးလေ

    ReplyDelete

အခုလို အချိန်ပေးပြီး လာရောက် ဖတ်ရှုတဲ့ လူအားလုံး ကွန်မန့် ပေးသွားတဲ့လူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ အတွေးအမြင်တွေကို လွတ်လပ်စွာ၊ နွေးထွေးစွာ ဖလှယ်နိုင်ပါတယ်ရှင်။