ဤဘလော့တွင် ရေးသားထားသော စာတစ်ပုဒ်ကို ဖြစ်စေ၊ စာတစ်ပိုဒ်ကို ဖြစ်စေ၊ စာတစ်ကြောင်းကို ဖြစ်စေ စီးပွားရေးအရ မဟုတ်ဘဲ မည်သည့်နေရာတွင် မဆို ကူးယူဖော်ပြလိုပါက ပိုင်ရှင်၏ ခွင့်ပြုချက် ရယူရန် မလိုဘဲ မည်သူမဆို ကိုးကားညွှန်းဆို၍ ပြန်လည် ဖော်ပြပေးမယ်ဆိုရင် ကျေးဇူး အများကြီး တင်ပါတယ်ရှင်။

Thursday, November 27

သူငယ်ချင်းတစ်ယောက်အတွက်

ကျွန်မတို့ သူငယ်ချင်း တစ်ဖွဲ့လုံး ဟိုးအရင်က သိပ်ပျော်ကြတာပေါ့။ သွားအတူ၊ လာအတူ၊ စားအတူ၊ ပါရင်တော့ အတူမရလို့ (အဟဲ ဆောရီးနော် နောက်တာ)။ အခုတော့လဲ တစ်ယောက် တစ်နေရာစီမှာပေါ့။ ကျွန်မ သူငယ်ချင်းလေးက နက်ဖြန်ဆို ၂၅နှစ်ပြည့်ပြီလေ။ အကြာကြီး အတူတူ အမြဲမခွဲဘဲ နေလာကြတဲ့ သူငယ်ချင်းတွေ နောက်ဆုံး တစ်ရက်တော့လဲ ဇာတ်ဆရာ အလိုကျ ကျရာနေရာမှာ ဘ၀ကို ရုန်းကန်ဖို့ ဖြစ်လာတော့လဲ လမ်းခွဲကြရတာပါပဲ။ အခုဆိုရင် သူက ကျွန်မတို့နဲ့ မနီးမဝေး နိုင်ငံလေးမှာ နေသားကျလို့ .... မပြောနိုင်ဘူး အခုချိန်ဆို ဘ၀လက်တွဲဖော် ကောင်မလေးချောချောလေး တစ်ယောက်တောင် ရှိချင်ရှိနေလောက်ပြီ။ အရင် သူငယ်ချင်းတွေ အကြောင်း ပြန်စဉ်းစားပြီး ပို့စ်ရေးနေတဲ့ အချိန်မှာ သကောင့်သား မျက်ရည်က ဘယ်ကနေ ဘယ်လိုမှန်းမသိဘူး ရောက်လာပြန်ပြီ။ သတိရလာလို့ပါ။ အရင် အတိတ်နေ့တွေ ချိုမြိန်ခဲ့ကြတယ်။ ဒီလိုပါပဲ သူငယ်ချင်းရယ် ဘ၀ဆိုတဲ့ လမ်းရှည်ကြီးကို မှုန်ဝါးဝါး စမ်းတ၀ါးဝါးနဲ့ လဲကျရင်း ပြန်ထရင်း အနာတရတွေ ဖြစ်ချိန်မှာ ဖေးမကူညီပေးခဲ့လို့........ ဘ၀ရဲ့ သံစဉ်တွေ ချိုမြိန်ချိန်မှာ အတူတကွ သီကြူးခဲ့ကြတယ်။ အခုဝေးနေပေမယ့် နောင်တစ်ချိန် ပြန်တွေ့တဲ့ အချိန်ကျရင် မွေးနေ့ပွဲလေးကို အရင်လို ပျော်ရွှင်စွာ အတူဆင်နွှဲချင်တယ်နော့။

သူငယ်ချင်း

ဘ၀ရဲ့ တစ်ကွေ့မှာ
မမျှော်လင့်ဘဲ ဆုံလာကြတယ်။
အခြေအနေပေးလို့
ငါတို့တွေ ပျော်ရွှင်ဖူးသလို
အခြေအနေ မပေးတော့လဲ
ငါတို့တွေ တိုးတိတ်စွာ
သက်ပြင်းရှိုက်မိကြတယ်နော်။

ဘ၀ရဲ့ စာမျက်နှာတစ်ချို့ထဲမှာ
သူငယ်ချင်းဆိုတဲ့ စာမျက်နှာက
အရေးပါ အရာရောက်လို့
အတိုင်းအတာတစ်ခုကို
ခရီးပေါက်ခဲ့ကြတယ်နော်။

နင့်ဘ၀နဲ့နင်
ငါ့ဘ၀နဲ့ ငါဆိုပေမယ့်
အတွေး အမြင်
အကောင်းအဆိုးတွေနဲ့
စိတ်ရဲ့ အာဟာရတစ်ခုအနေနဲ့
သူငယ်ချင်းဆိုတာ
နှလုံးသားရဲ့ ထောင့်တစ်နေရာမှာ
အမြဲတည်ရှိနေမှာပါ။

ဟက်ပီး ဘတ်ဒေး KC ရေ။ နင့်ဘ၀၊ နင့်ဆန္ဒနဲ့ နင့်အိမ်မက်တွေ နင်လိုသလို ပုံဖော် ထုဆစ်နိုင်ပါစေ...
ပျော်ရွှင်စရာ မွေးနေ့လေးအဖြစ် အထီးကျန်ဆန်စွာ မဆင်နွှဲရအောင် ငါကြိုဆုတောင်းထားပေးတယ်နော်။ ဟဲဟဲဟဲ
ခေးရော့စ်

8 comments:

  1. သယ်ချင်းအတွက် မွေးနေ့ကဗျာလေးကို လာဖတ်သွားပါတယ်။

    ReplyDelete
  2. မိုးကြယ်November 27, 2008 at 10:48 PM

    ကဗျာလေးခံစားသွားတယ် ညီမရေ..

    ReplyDelete
  3. ဒီပို့စ်လေးဖတ်ပြီး ကျောင်းတက်တုန်းက အေးအတူ ပူအမျှ ပျော်ခဲ့ကြတဲ့ သူငယ်ချင်းတွေကို အရမ်းသတိရမိတယ်။ သူငယ်ချင်းဆိုတာ စိတ်ရဲ့ အာဟာရ၊ ဘ၀စာမျက်နှာတွေရဲ့ အရေးပါ အခန်းကဏ္ဍမှာ ပါဝင်နေကြတာ အမှန်ပါပဲ ခေးရော့စ်ရေ…။ သူငယ်ချင်းအဟောင်းတွေကို သတိရရင်း သူငယ်ချင်းအသစ်တွေကို သံယောဇဉ်ဖွဲ့ ခင်တွယ်ရင်းနဲ့ ဘ၀ခရီးကို ရှေ့ဆက်ကြတာပေါ့နော်…။

    ထာဝရအတွက် ခင်မင်မှုတွေနဲ့
    မဆု

    ReplyDelete
  4. လောကရဲ့ တစ်နေရာဆီမှာ ကျဲပြန့် နေတဲ့ သူငယ်ချင်းတွေက နှလုံးသားရဲ့ ထောင့်တစ်နေရာမှာလည်း အမြဲရှိနေနိုင်တယ်နော်..။
    လေးမ

    ReplyDelete
  5. သီချင်းထဲကလို အဖြူရောင်သူငယ်ချင်းပေါ့ ၊၊ ဟုတ်မှာပါလေ ၊၊

    ReplyDelete
  6. ကိုယ်ကလဲ သူငယ်ချင်းတွေကို သံယောဇဉ်ကြီးတတ်တော့ ဒီပို့စ်လေးကို အပြည့်အ၀ခံစားသွားပါတယ် ....

    ReplyDelete
  7. :-) Merry Christmas to u & your friend ~

    ReplyDelete
  8. ကဗျာလေးကို တော်တော်လေးကြိုက်လို့ ကူးသွားပါတယ် အမ ခင်ဗျာ....

    ReplyDelete

အခုလို အချိန်ပေးပြီး လာရောက် ဖတ်ရှုတဲ့ လူအားလုံး ကွန်မန့် ပေးသွားတဲ့လူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ အတွေးအမြင်တွေကို လွတ်လပ်စွာ၊ နွေးထွေးစွာ ဖလှယ်နိုင်ပါတယ်ရှင်။